ဝမ်ပေါင်နဲ့ယန်စီ စီမံကိန်းတွေပြန်စမှာကို လက်မခံဘူးလို့သပိတ်အင်အားစုတွေသတိပေး

Photo – MUSU (ပုံဟောင်း)

မေ ၊ ၁၅ 

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆား လင်းကြီး မြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္တုတွင်းစီမံကိန်းတွေ ပြန်လည်လုပ် ကိုင်ရေး  စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ကြိုး ပမ်း နေတာတွေကို လက်ခံငြိမ်သက်နေမှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုတွေက သဘော ထားထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က တရုတ်စီမံကိန်းတွေ လည်ပတ်နိုင်ဖို့ လုံခြုံရေးအကြောင်းပြပြီး မုံရွာ – ပုသိမ် လမ်းပိုင်းကို စိုးမိုးကာ ဒေသခံလူထုကို ဖိ အားပေး အကြပ်ကိုင်နိုင်ဖို့ကြိုးပမ်းနေတယ်လို့ သပိတ်အင်အားစုတွေကဆိုထားပါတယ်။

“ရွှေတောင်ဦးဖက်နေ ဝမ်ပေါင်အထိကို စစ်တပ်က ကင်းပုန်းတွေချပြီး စက်ရုံပြန်လည်ပတ်ဖို့ လုပ် ဆောင်နေတာပေါ့။ အဲဒီတော့ သူတို့ကလုံခြုံရေး အကြောင်းပြပြီးတော့ နယ်မြေချဲ့ ထွင်မှု တွေလုပ် လာတာပေါ့၊ဒါကြောင့် ဒီလိုဖြစ်ရပ် တွေရပ်တန့်ဖို့ အသိပေးတာပါ”လို့ လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီအဖွဲ့ဝင် ဦးအောင်မင်းမင်း ကပြောပါတယ်။

တရုတ်စီမံကိန်းတွေကို လုံခြုံရေးအရ အကာအ ကွယ်ယူပေးဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက စစ်တပ် က ပုသိမ်-မုံရွာကားလမ်းပေါ်  နေရာယူထားတာ ကြောင့် ဒေသခံပြည်သူအမြောက်အများ ထွက် ပြေးတိမ်းရှောင်ရတာလည်းရှိတယ်လို့ သိရပါ တယ်။

ဒါအပြင် အဲဲဒီလမ်းပိုင်းကတဆင့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

တရုတ်ကုမ္ပဏီရဲ့ သတ္တုတွင်း စီမံကိန်းတွေ ပြန် လည်ပတ်နိုင်ဆအောင် စစ်ကောင်စီတပ်က ဒေသခံ အလုပ်သမားတွေကို ငွေကြေးနဲ့သိမ်းသွင်းတာ၊  ခြောက်လှန့်ပြီး စည်းရုံးတာတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်းသပိတ်အင်အားစုတွေကဆိုထားကြပါတယ်။

လက်ရှိမှာ တရုတ်ကုမ္ပဏီအနေနဲ့ မြန်မာဝမ်ပေါင်နဲ့ ယန်စီစီမံကိန်းနေရာတွေမှာ အာဏာသိမ်းစစ်တပ်ကို စစ်စခန်းသဖွယ်အသုံးပြုခွင့်ပေးထားကာတရုတ်နဲ့ စစ်တပ် အကျိုးစီးပွားအတွက် စီမံကိန်းပြန် လည်ပတ်နိုင်ဖို့အပူတပြင်းကြိုးစားနေတယ်လို့ လည်းသပိတ်အင်အားစုတွေက ဝေဖန်ထားပါတယ်။

တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့အနေနဲ့ နှစ်နိုင်ငံ အကျိုးစီးပွါးနဲ့ အိမ်နီးချင်းပီပီ ငြိမ်းချမ်းစွာ အတူ ယှဥ်တွဲ နေထိုင်နိုင်ဖို့ ပြည်သူလူထုအသံကိုအ လေးထားပြီး ပူးပေါင်း ဆောက်ရွက်ဖို့ သပိတ် အင်အားစုတွေက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းမှုစတင်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကြေးနီထုတ်လုပ်ရေး စီမံကိန်းဟာ ဒေသနယ်မြေ မတည်ငြိမ်မှုတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ စီဒီအမ် ပြုလုပ်ခဲ့တာတွေကြောင့် ကြေးနီထုတ်လုပ်မှု လုပ် ငန်းတွေကို အခုထိ ရပ်နားထားရတာပါ။

 ကြေးနီစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ပြီး ထုတ်လုပ်မှုကို ရပ်ဆိုင်းထားတယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လလောက်က ထုတ်ပြန်ထားပြီး လက်တလောဖြစ်ပျက်နေတဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး ပါဝင်ပက်သက်လိုခြင်း မရှိဘူးလို့ လည်း ဆိုထားခဲ့ပါတယ်။