AAထိန်းချုပ်ကျောက်တော်မြို့နယ်ကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့သံဃာတပါးအပါလေးဦးသေဆုံး


Photo – APM
မေ၊ ၆

AAထိန်းချုပ်ဒေသ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာကို ဒီကနေ့နံနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့သံဃာတစ်ပါးအပါအဝင် ၄ ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဒီကနေ့မေလ၆ရက်နံနက် ၈နာရီကျော်လောက်မှာလေယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့ပြီး နာရီဝက်လောက်အကြာမှာ နောက်တကြိမ်ထပ်မံဗုံးကြဲခဲ့တယ်လို့ ဒေသတွင်းသတင်းမြစ်တဦးကပြောပါတယ်။

“ဘုန်းကြီးကျောင်းကိုထိလို့ ဦးဇင်းတပါးပျံလွန်တယ်လို့သိရတယ် အမျိုးသမီးတွေ သက်ကြီးပိုင်းတွေအားလုံးလေးယောက်တဲ့သေတာ”လို့သူကဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့်အသေးစိတ်ကိုမသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ဧပြီလ (၄) ရက်ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်လို့အသက် (၁၈) နှစ်အရွယ်လူငယ်တစ်ဦးသေဆုံးခဲ့ပြီး (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ.ပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ဇန်နဝါရီ ၃ ရက်ကလည်း အလယ်ကျွန်းကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့လို့အမျိုးသမီးတဦးသေဆုံးပြီး သုံးလသားကလေးတစ်ဦး အပါအဝင်၇ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရခိုင်မှာစစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးသူရာနဲ့ချီရှိနေတယ်လို့လည်းဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။