ဒုတပ်ချုပ်ကိုယ်တိုင် ကွပ်ကဲနေတဲ့ “အောင်ဇေယျ”စစ်ကြောင်း ကော့ကရိတ်မှာပဲ ရပ်တန့်နေ


မေ၊ ၂

အာဏာသိမ်းစစ်ကောင်စီဒုတိယအကြီးအကဲအ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေတဲ့ “အောင်ဇေယျ”စစ်ကြောင်းဟာ ဒီကနေ့ အထိ မြဝတီမြို့ဘက်ကို မရောက်သေးဘဲ ကော့ကရိတ်မြို့နယ်မှာသာ ရပ်တန့်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်ထဲမှာ မြဝတီမြို့တွင်းမြို့ပြင်က ခြေလျင်တပ်ရင်း(ခလရ )၂၇၅ အပါအဝင် သင်္ဃန်းညီနောင် အခြေစိုက်တပ်ရင်းတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒီလိုမျိုးတပ်ရင်းတပ်စခန်းတွေ ဆုံးရှုံးလိုက်ရတဲ့ မြဝတီမြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို လေကြောင်းကနေ အဆက်မပြတ်လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် နှစ်ဘက်ပွဲက နေ့စဉ်ဆိုသလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကရင်နယ်ခြားစောင့်တပ် BGF/KNA ရဲ့အကူအညီနဲ့ မြဝတီမြို့ အမှတ်(၂)တံတားအောက်မှာ ပုန်းခိုတပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခလရ – ၂၇၅ ကို ပြန်လည်နေရာယူနိုင်ခဲ့ပါတယ်။

တဘက်မှာလည်း စစ်ကောင်စီဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်က ကြီးကြပ်ကွပ်ကဲနေတဲ့ နိုင်ငံတော်အဆင့်သတ်မှတ်ထားတဲ့ “အောင်ဇေယျ”စစ်ကြောင်းကဆိုရင် ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်မတိုင်ခင်ကတည်းက ဘားအံ့မြို့ကနေတဆင့် အင်အားတထောင်နီးပါးတက်လာပြီး မြဝတီမြို့ကို ပြန်လည်ရရှိဖို့ စစ်ကြောင်းထိုးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီလိုမျိုးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပေမယ့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက နေ့စဉ်နဲ့အမျှ ကြားဖြတ်တိုက်ခိုက်နေတာကြောင့် အဲဒီစစ်ကြောင်းက ဒီကနေ့အထိ ကော့ကရိတ်မြို့နယ်မှာပဲ ရပ်တန့်နေတယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိက သူတို့(စစ်ကောင်စီ)စစ်ကြောင်းက ကျုံဒိုးဘက်ကပေါ့နော်၊ လမ်းကြောင်းကတော့ နှစ်ကြောင်းနဲ့ ဝင်တယ်ပေါ့နော်၊သူတို့ရဲ့ စစ်ကြောင်းအခြေအနေက အာရှလမ်းမကြီးကနေ တက်လာတာ ရှိသလို ဟိဘက်အထိ ပေါက်သွားတာမရှိသေးဘူးနော်၊ တောနောရေတံခွန်ပိုင်းလောက်ပဲ ရောက်တယ်၊ အစပိုင်းဝင်လာတဲ့အချိန်မှာ မစ်ဆိုင်းတွေရော ဟောင်ဝစ်ဇာတွေရော အစုံပဲ ဒီနောက်ပိုင်းမှာ ထိတွေ့မှုမှာ ဒရုန်းကို သူတို့(စစ်ကောင်စီ)က အဓိက သုံးနေတာ၊ လက်ရှိ ဒီဘက်မှာတော့ အဲဒီ(မြဝတီမြို့ကို တက်လာနိုင်တဲ့) အခြေအနေမျိုး မတွေ့ရသေးဘူး”

လတ်တလော စစ်ရေးအခြေအနေအရ စစ်ကောင်စီစစ်ကြောင်းက ရပ်တန့်နေတာမှန်ပေမယ့် စစ်ကောင်စီတပ်ဟာ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး မြဝတီမြို့ဘက်ကို အခြေအနေမရွေး ထိုးစစ်ဝင်လာနိုင်တဲ့အတွက် သတိကြီးကြီးထား လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော့ကရိတ်တခွင် ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးများနေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်း သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးအခြေအနေကို ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် တော်လှန်ရေးအင်အားစုဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ကေအဲန်ယူ – တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်ကို DNA က စင်ဂနယ်ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ ဖြေကြားပေးဖို့ အဆင်မပြေသေးကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာ စစ်ကောင်စီရဲ့ “အောင်ဇေယျ”စစ်ကြောင်းဟာ ကော့ကရိတ်မြို့အထိ ဝင်ရောက်တပ်စွဲထားနိုင်ပြီး လက်ရှိမှာ မြို့ကိုလည်း ထိန်းချုပ်ထားနိုင်တဲ့အတွက် ရှေ့ဆက်မြဝတီမြို့ကို ပြန်လည်ရရှိဖို့ မခက်ခဲတော့ဘူးလို့ ပြောဆိုနေကြပါတယ်။

မြေပြင်တိုက်ပွဲမှာ ပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကတော့ အခုဖြစ်ပွားတိုက်ပွဲမှာ စစ်ကောင်စီကို ကောင်းကောင်းခုခံတိုက်ခိုက်နိုင်ပေမယ့် စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF/ KNA တပ်တွေကြောင့် စစ်ရေးဟာ လိုရင်းကို မရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့နေရာတွေ ဒီကောင် BGF တွေက ကူညီပေးနေတာ၊ စစ်ရေးကောင်းကောင်းလုပ်လို့မရဘူး၊ ကျွန်တော်တို့က ကေအဲန်ယူလက်အောက်ကနေ သွားနေတော့ တချို့ဟာတွေ မလွန်ဆန်နိုင်ဘူးလေ၊ တကယ်လို့သာ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရရင်တော့ ဒီကောင်တွေ ကော့ကရိတ်ကိုတောင် ဝင်နိုင်မှာမဟုတ်ဘူး၊ မပြောချင်ပေမယ့် တချို့ဟာတွေက အကာအကွယ်ပေးထားတယ်လေ၊ နောက်တခုက ဒီကောင်တွေက ဒရုန်း၊ ဟောင်ဝစ်ဇာတွေ အရမ်းသုံးတယ်၊ အခက်အခဲတွေတော့ အများကြီးပါပဲ”

ဒီလိုမျိုးသာ စစ်ကောင်စီတပ်ဖွဲ့တွေကို ရှေ့ဆက်အကူအညီတွေ ပေးနေမယ်ဆိုရင် မြဝတီမြို့ကို စစ်တပ်က အချိန်မရွေးပြန်လည်သိမ်းယူသွားမှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေကလည်း အထိနာသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ကြဖို့ လိုအပ်သလို စုပေါင်းအားနဲ့ဆိုရင် စစ်တပ်က သေချာပေါက်ကျဆုံးသွားမှာ ဖြစ်တယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃  တာဝန်ရှိသူက ပြောပါတယ်။

“ရိုးရိုးဆိုရင်တော့ ဒီဘက်(မြဝတီ)ကို ရောက်လာဖို့ မလွယ်ဘူးလေ၊ မရိုးရင်တော့ ရောက်လာနိုင်တယ်ပေါ့၊ နိုင်ငံရေးအပိုင်းနဲ့ ဆက်နွယ်နေတဲ့အပိုင်းက ကျွန်တော်တို့ မသိဘူးပေါ့နော်၊ ကျွန်တော်တို့က တော်လှန်ရေးလုပ်တဲ့အတွက် ကျွန်တော်တို့က အဓိက တိုက်ခိုက်ဖို့အတွက်ပဲ စဉ်းစားထားတာ၊ အားလုံးက ညီညွတ်ရင်တော့ ခက်ခဲတဲ့အလုပ်မဟုတ်ဘူးလေနော်၊ ညီညီညွတ်ညွတ်နဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် “အောင်ဇေယျ”မကလို့ ဘာပဲ ဖြစ်ဖြစ် သူတို့အကုန်လုံး သူတို့(စစ်တပ်)ပဲ ကျဆုံးသွားမှာပါ”

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ဘယ်လိုအခြေအနေပဲ ရောက်နေပါစေ လက်လျှော့မှာမဟုတ်ဘဲ စစ်ကောင်စီကို အကောင်းဆုံး ခုခံတိုက်ခိုက်နေမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စိတ်ဓါတ်မကျဖို့နဲ့ တက်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းပြောဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရာလမ်းတလျှောက်နဲ့ တပ်စွဲထားတဲ့နေရာကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေဘက်ကို လက်နက်ကြီး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာရှိနေသလို နေအိမ်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးတာရှိတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။