မေ၊ ၃
ဂါဇာပြည်သူတွေ ကြုံနေတဲ့ နာကျင်ကြေကွဲစရာ အခြေအနေတွေကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးနဲ့ ကုန်သွယ်မှုတွေကို ဆိုင်းငံ့ထားလိုက်ကြောင်း တူရကီ အစိုးရက ကြေညာခဲ့ပါတယ်။
တူရကီ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဂါဇာကို လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် တင်ပို့ဖို့ အစ္စရေးဖက်က ခွင့်မပြုမချင်း တည်တံ့နေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ တူရကီ အစိုးရက ဂါဇာမှာ အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် ပါလက်စတိုင်း ပြည်သူတွေ အကျပ်အတည်း ကြုံတွေ့နေတာကို အစဉ်တစိုက် ဝေဖန်နေခဲ့ပါတယ်။
တူရကီဟာ အစ္စရေးအတွက် အရေးပါတဲ့ ကုန်သွယ်ဖက် နိုင်ငံတခုဖြစ်ပြီး မနှစ်က နှစ်နိုင်ငံကြား ကုန်သွယ်ရောင်းဝယ်မှု တန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၇ ဘီလီယံလောက်ထိ များပြားခဲ့ပါတယ်။
အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အစ္စရေး ကက်ဇ်ကတော့ တူရကီ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချပြီး တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်ဟာ သူ့သဘောနဲ့သူ အာဏာရှင်ဆန်ဆန် လုပ်ချင်သလိုတွေ လုပ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
တူရကီရဲ့ ထုတ်ပြန်ချက်အရ ကုန်သွယ်ရေး ဆိုင်းငံ့ထားမှုဟာ ကုန်စည်အမျိုးအစား အားလုံးအပေါ် အကျုံးဝင်စေမယ်လို့ သိရပါတယ်။
တူရကီဟာ အစ္စရေးရဲ့ တရားဝင် ရပ်တည်မှုကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့ မွတ်ဆလင် နိုင်ငံဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ အဲဒီလို အသိအမှတ် ပြုခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံကြား ဆက်ဆံရေးက တည်ငြိမ်ခဲ့ရာက နောက်ပိုင်း ဆယ်စုနှစ်တွေမှာတော့ အဆိုးဖက်ကို ဦးတည်လာခဲ့ပါတယ်။
ဂါဇာစစ်ပွဲ ကာလမှာလည်း တူရကီ အစိုးရက အစ္စရေးအပေါ် ခါးခါးသီးသီး ဝေဖန် ပြစ်တင်တာတွေ မကြာခဏ လုပ်ခဲ့ခြင်းကြောင့် သံတမန်ရေး တင်းမာမှုတွေက ပိုပြီး အရှိန်မြင့်တက်လာခဲ့ပါတယ်။
Ref: AP