မေ၊ ၁
အငြိမ်းစား ဝါရင့် သံအမတ်ဟောင်း မာရစ် ဆန်ဂျီယမ်ပွန်ဆာဟာ နုတ်ထွက်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ အရိုက်အရာကို ဆက်ခံသွားတော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရာထူးကနေ နုတ်ထွက်သွားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဟာ နူခါရာရဲ့ နေရာမှာ ဆက်ခံမယ့်သူအဖြစ် နယူးဇီလန်၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း မာရစ်ကို အဆိုပြုခဲ့ပြီး ထိုင်းဘုရင်က အသိအမှတ်ပြု လက်ခံပေးလိုက်ကြောင်း သိရပါတယ်။
ပန်ပရီဟာ ထိုင်းအစိုးရ အတွင်းပိုင်း ပြင်ဆင်ဖွဲ့စည်းမှုတွေအတွင်း သူ့ရဲ့ တွဲဖက်ရာထူးဖြစ်တဲ့ ဒုတိယ ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံလိုက်ရတာကို မကျေနပ်တာကြောင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ကနေပါ နုတ်ထွက်စာ တင်သွားခဲ့တာပါ။
အသက် ၆၅ နှစ်အရွယ် မာရစ်ဟာ ပန်ပရီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဘဝ အနီးကပ် အကြံပေး အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ဆရက်သာအပေါ် ဩဇာညောင်းသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ပိုင်ဆိုင်ထားပါတယ်။
ထိုင်းဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်အတည်းတွေကို တက်တက်ကြွကြွ ကူညီဖြေရှင်းဖို့ ကြိုးစားနေချိန် အဲဒီကဏ္ဍကို အဓိက ဦးဆောင် တာဝန်ယူနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးနေရာမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ ထိုင်းအစိုးရကတော့ ပန်ပရီ နုတ်ထွက်မှုကြောင့် နိုင်ငံခြားရေး မူဝါဒပိုင်းမှာ ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
Ref: Reuters