ရေဖြူမြို့ပေါ်မှာ ဒုရဲအုပ်တဦး ပစ်သတ်ခံရ

ဧပြီ ၊ ၂၇ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ပေါ်မှာ ခရီးသည်ကားတွေဆီကနေ ပိုက်ဆံတောင်းလေ့ရှိတဲ့ ဒုရဲအုပ်တဦးကို ဧပြီလ ၂၆ ရက်၊ မနေ့ ညနေပိုင်းက ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတယ်လို့ ထားဝယ် ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ပြန် ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ 

“ခရီးသည်ကားတွေ၊ ဘောလုံးကား(ထိုင်းကို လူ မှောင်ခိုပို့တဲ့ကား)တွေကို သူက အဲနားကနေ ပိုက် ဆံတောင်းနေကျ၊ ဂိတ်ချထားတာမဟုတ်ဘူး၊ အဲ့နားလာပြီးတောင်းတာ၊ ကျွန်တော်

တို့ သေချာအောင်စောင့်ကြည့်နေတာကြာပြီ၊ မနေ့ကတော့ သေချာအောင် စောင့်ပြီး ရှင်းလိုက်နိုင်တယ်” လို့ DGRF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ 

ရေဖြူမြို့၊ (ဂ) ရပ်ကွက်၊ နေရာသစ် ထမင်းဆိုင်အနီး တယောက်တည်း အရပ်ဝတ်နဲ့ ရောက်နေတဲ့ အဲဒီ ဒုရဲအုပ်ကို DGRF က တခြားမဟာမိတ်တပ်ဖွဲ့နှစ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ 

တနင်္သာရီတိုင်းအဝင် မလွှဲတောင် စစ်ဆေးရေးဂိတ်နဲ့ ထားဝယ်မြို့ကြားရှိ ရေဖြူမြို့အတွင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာပဲ အခုလို ပစ်ခတ်ခံခဲ့ရတာပါ။ 

ပစ်ခတ်ခံရတဲ့ ဒုရဲအုပ်ဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတဲ့အကြောင်း အတည်ပြုနိုင်တယ်လို့လည်း DGRF က ဆိုပါတယ်။ 

“ပုံမှန်ဆို နှစ်ယောက်လာနေကျ၊ မနေ့ကတော့ တယောက်ပဲလာတယ်၊ လက်နက်တော့ မတွေ့ဘူး၊ ဒါပေမယ့် ဘေးအိတ်တလုံးတော့တွေ့တယ်၊ ကျန်တော်တို့လည်း ယူဖို့အချိန်မမှီလို့ ဆုတ်လာလိုက်တာ”လို့ DGRF ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ 

အခုလို ပစ်သတ်ခံရတဲ့ ဒုရဲအုပ်ဟာ နေပြည်တော်ကနေ ရေဖြူမြို့မရဲစခန်းကို ပြောင်းရွှေ့လာတာ သုံးလလောက်သာ ရှိသေးပြီး နာမည်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရောက်ရှိလာပေမယ့် အနီးအနားက မြို့ခံတွေကို ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။ 

“ဘာမှမလုပ်ဘူး၊ ခဏပဲ ရှုပ်ပြီး ပြီးသွားတယ်၊ လူတွေကို ရန်မရှာဘူး” လို့ ရေဖြူမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

ဒါ့အပြင် မြို့အဝင်အထွက်တွေကို ပိတ်ဆို့စစ်ဆေးတာမျိုးမရှိသလို မြို့ခံတွေလည်း ပုံမှန်သွားလာနေကြတယ်လို့ သူကဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကလည်း မလွှဲတောင်စစ်ဆေးရေးဂိတ်ကနေ အိမ်စီးကားနဲ့ပြန်လာတဲ့အချိန် ပြည်ထောင်စုကားလမ်းမပေါ် တိုက်ခိုက်ခံရလို့ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နယ်မြေရဲစခန်းက ဒုရဲအုပ်အပါအဝင် တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါသေးတယ်။