ရုရှားကို တရုတ်ရဲ့ ထောက်ခံ ရပ်တည်မှုဟာ ယူကရိန်းကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ ဘလင်ကန်ပြော

ဧပြီ ၊ ၂၇

ရုရှားကို တရုတ်က ထောက်ခံ ရပ်တည်ပေးနေခြင်းဟာ ယူကရိန်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

 ဘေဂျင်းမြို့တော်ဆီ အလည်အပတ် ရောက်ရှိနေတဲ့ ဘလင်ကန်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား မူဝါဒရေးရာ သဘောထား ကွဲလွဲမှုတွေအတွက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် သူဟာ BBC သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ တရုတ်က ရုရှားကို ထောက်ခံ ကူညီပေးနေတာဟာ ယူကရိန်းသာမက၊ ဥရောပ တတိုက်လုံးအတွက် ခြိမ်းခြောက်မှုကို မီးစာဖြည့်ပေးသလို ဖြစ်နေကြောင်း မှတ်ချက် ပေးခဲ့တာပါ။

 တရုတ်ဟာ စစ်အေးကာလနောက်ပိုင်း ဥရောပတိုက်မှာ ကြုံဖူးသမျှ အကြီးကျယ်ဆုံး ခြိမ်းခြောက်မှုတွေကို အားဖြည့်ပေးရာ ရောက်နေတယ်လို့ ဘလင်ကန်က ဆိုပါတယ်။ အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်က ဘယ်လိုဘယ်ပုံ တုံ့ပြန်ဖို့ စီမံထားသလဲ ဆိုတာကိုတော့ ဘလင်ကန်က အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

 သူက အမေရိကန်ရော၊ တရုတ်ပါ နှစ်ဖက် သဘောထား ကွဲလွဲနေတဲ့ ကဏ္ဍတချို့မှာ ပြေလည်မှုရဖို့ အားတက်သရော လိုလားနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

 တရုတ်လို စူပါပါဝါ နိုင်ငံကြီး တခုဟာ အစ္စရေး-ပါလက်စတိုင်း အရေးကိစ္စတွေ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသက ပြဿနာတွေမှာလည်း အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုတွေ လုပ်ပြနိုင်စွမ်း ရှိလိမ့်မယ်လို့ သူယုံကြည်ကြောင်း ဘလင်ကန်က ဆိုပါတယ်။

 တရုတ်ဟာ အီရန်နဲ့ ဆက်ဆံရေးကောင်း ရှိနေတာကို ထိထိရောက်ရောက် အသုံးချပြီး အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ နောက်ထပ် တင်းမာမှုတွေ ပေါက်ကွဲထွက်မလာအောင် ကြားဝင် ညှိနှိုင်းပေးဖို့ အမေရိကန်က လိုလားကြောင်းလည်း ဘလင်ကန်က ပြောကြားသွားပါတယ်။

 ဧပြီ ၂၆ ရက်နေ့က ဘလင်ကန်ကို လက်ခံတွေ့ဆုံခဲ့တဲ့နောက် သမ္မတ ရှီက သူနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ နိုဝင်ဘာလတုန်းက တွေ့ဆုံ ဆွေးနွေးခဲ့တဲ့နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတချို့ ရှိလာတာကို အသိအမှတ် ပြုသွားပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ တရုတ်ရဲ့ တိုးတက်မှုတွေကို ကောင်းမွန်တဲ့ သဘောထား ခံယူချက်တွေနဲ့ လက်ခံပေးဖို့တော့ လိုအပ်နေဆဲလို့ ရှီက ဘလင်ကန်ကို ပြောဆိုသွားခဲ့ပါတယ်။

 Ref: BBC