ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရအနားပေးတယ်လို့ စစ်ကောင်စီထုတ်ပြန်

ဧပြီ ၊ ၂၂

NLD ပါတီက ဒုတိယသမ္မတအဖြစ် တင်မြှောက်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ရာထူးမှာ ဆက်ရှိနေတဲ့ ဦးဟင်နရီ ဗန်ထီးယူကို ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒီလိုရာထူးကနေ အနားယူခွင့်ပေးလိုက်တာဟာ ဦးဟင်နရီဗန်ထီးယူကိုယ်တိုင်ရဲ့ ဆန္ဒလား ဒါမှမဟုတ် စစ်ကောင် စီရဲ့ တဖက်သတ်ဆုံးဖြတ်ချက်လားဆိုတာတော့ ရှင်းရှင်းလင်းမသိရသေးပါဘူး။

နှစ်သစ်ကူးကာလတွေအပြီး ဒီကနေ့နေပြည်တော်မှာ ပထမဆုံးအကြိမ်ပြန်လည်ပြုလုပ်တဲ့ စစ်ကောင်စီအစည်း အ ဝေးအပြီးမှာ အဲ့ဒီထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူ ကို အဲ့ဒီအချိန်က ရွေးကောက်ပွဲနေရာအများစုအနိုင်ရခဲ့တဲ့ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ(၂)အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။

ဗိုလ်မှူးဟောင်းတဦးဖြစ်တဲ့ အသက် ခြောက်ဆယ်ကျော်အရွယ် အဲ့ဒီချင်းအမျိုးသားကို ဒုတိယသမ္မတအဖြစ် တင်မြှောက်ချိန်မှာ လွှတ်တော်တွင်းက စစ်တပ်ကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ဦးဟင်နရီဗန်ထီးယူဟာ ဒုတိယသမ္မတ(၂)အဖြစ် ဆက်ရှိနေခဲ့ပြီး စစ် ကောင်စီက အာဏာသိမ်းပြီးနောက် အစောပိုင်း ကာလုံအစည်းအဝေးတွေမှာ ဦးဟင်နရီဗန်ထီးယူကိုခွင့်အဖြစ် ထုတ်ပြန်ဖော်ပြလေ့ရှိသလို လူမြင်ကွင်းကလည်းပျောက်ကွယ်နေခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လက ကျင်းပတဲ့ စစ်ကောင်စီကာလုံအစည်းအဝေးမှာတော့ ဦးဟင်နရီဗန်ထီးယူစတင် တက်ရောက်ခဲ့ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့လည်း လက်ဆွဲနှုတ်ဆက်တဲ့ ပုံရိပ်တွေကို စစ်ကောင်စီက ထုတ်ပြန်ဖြန့်ဝေခဲ့ပါတယ်။

အဲ့ဒီကာလုံအစည်းအဝေးတက်ရောက်ပြီးချိန်မှာတော့ NLD ပါတီ က ဗဟိုကော်မတီဝင်အများစုရဲ့ သဘောထား အရဆိုပြီး သူ့ကို ပါတီကနေထုတ်ပယ်ခဲ့ပါတယ်။စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပူးပေါင်းတာ ကြောင့် သူ့ကိုပါတီကထုတ်ပယ်တာလို့လည်း NLD ပါတီရဲ့ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

ဒီကနေ့ စစ်ကောင်စီအစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါဝင်တက်ရောက် တာလည်းမတွေ့ရပါဘူး။အာဏာသိမ်းဒုစစ်ခေါင်းဆောင်ကတော့ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက် ခိုက်မှုအတွင်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

အဲ့ဒီလိုသတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရက ငြင်းဆိုထားပေမယ့် ဒဏ်ရာရသွား ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးကတည်းက ဒုစစ်ခေါင်းဆောင်ကိုလူမြင်ကွင်းမှာမတွေ့ရသေးပါဘူး။