စစ်ပွဲအဆုံးသတ်ရေး အမေရိကန်နဲ့ အီရန်တို့ သဘောတူညီမှုရ

အဆိုပါ နားလည်မှုစာချွန်လွှာကို သောကြာနေ့မှာ ဆွတ်ဇာလန်နိုင်ငံမှာ တရားဝင်လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။

 

၁၅၊ ဇွန်။

 

အမေရိကန်နဲ့ အီရန်အရာရှိတွေက သူတို့ကြားကစစ်ပွဲကို အဆုံးသတ်ဖို့၊ အမေရိကန်ရဲ့ အီရန်အပေါ် ပိတ်ဆို့ထားမှုတွေကို ရပ်တန့်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ မူဘောင်တခုအပေါ် သဘောတူညီမှုရရှိခဲ့တယ်လို့ ပြောပါတယ်။

 

အဆိုပါ ပဏာမ သဘောတူညီချက်ကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေ ကျဆင်းသွားပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကံကြမ္မာကိုတော့ ဆက်လက်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ ချန်ထားခဲ့ပါတယ်။

 

“အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ သဘောတူညီချက်က အခုဆိုရင် အောင်မြင်သွားပါပြီ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။

 

ကြားခံစေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်က ဒေသစံတော်ချိန် တနင်္လာနေ့အစောပိုင်းမှာ သဘောတူညီချက်ရရှိသွားပြီလို့ ကြေညာခဲ့ပြီးနောက် မကြာမီမှာပဲ ထရမ့်ရဲ့ပို့စ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အဆိုပါ နားလည်မှုစာချွန်လွှာကို သောကြာနေ့မှာ ဆွတ်ဇာလန်နိုင်ငံမှာ တရားဝင်လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။ တိကျတဲ့သဘောတူညီချက်အချက်အလက်တွေကိုတော့ ချက်ချင်းမသိရသေးပါဘူး။

 

ရှာဘတ်ဇ်ရှာရစ်ဖ်က X လူမှုကွန်ရက်ပေါ်က ပို့စ်တခုမှာ “ဒီသဘောတူညီချက်အရ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာစစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းနဲ့ အပြီးတိုင် ရပ်စဲရမှာဖြစ်တယ်” လို့ ပြောထားပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့က တဦးနဲ့တဦး တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ထရမ့်နဲ့ အခြားသူတွေရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့ကြတာကြောင့် လက်ဘနွန်အရေးဟာ ညှိနှိုင်းမှုတွေမှာ အကျပ်ရိုက်စေတဲ့ အချက်တခု ဖြစ်ခဲ့ပါတယ်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးက စစ်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တနင်္လာနေ့ညကစပြီး အပြီးတိုင်ရပ်စဲမယ်လို့ ပြောထားပါတယ်။

 

အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင်ဂါရီဘာဘာဒီကတော့ ၆၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးရေးအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တခုကို ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

 

နောက်ထပ် ပြဿနာတခုဖြစ်တဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ကံကြမ္မာကိုလည်း နောက်ပိုင်းဆွေးနွေးပွဲတွေမှာ ထည့်သွင်းပြောဆိုသွားမယ်လို့ သတင်းမြစ်တွေက ရိုက်တာကို အရင်က ပြောကြားခဲ့ဖူးပါတယ်။ အမေရိကန်-အီရန် ဆွေးနွေးပွဲတွေမှာ သူတို့မပါဝင်ဘူးလို့ ပြောထားတဲ့ အစ္စရေးဘက်ကတော့ ကြေညာချက်အပေါ် ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။

 

အီရန်ဘက်က လပေါင်းများစွာကြာ ပိတ်ဆို့ထားခဲ့တဲ့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေး အဓိကရေကြောင်းလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို သောကြာနေ့မှာ ပြန်ဖွင့်ပေးမယ်လို့ ထရမ့်က ပြောပြီး အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားတာတွေကိုလည်း ရုပ်သိမ်းဖို့ သူ အမိန့်ပေးလိုက်ပြီလို့ ဆိုပါတယ်။

 

“ကမ္ဘာ့သင်္ဘောတွေ အင်ဂျင်နှိုးကြတော့၊ ရေနံတွေ စီးဆင်းပါစေတော့” လို့ ထရမ့်က ရေးသားခဲ့ပါတယ်။

 

အဆိုပါ သတင်းကြောင့် ရေနံစျေးနှုန်းတွေ ကျဆင်းသွားပြီး တနင်္လာနေ့ အစောပိုင်း ကုန်သွယ်မှုမှာ ဘရန့်ရေနံစိမ်း ကြိုပွိုင့်စျေးနှုန်း ၄ ရာခိုင်နှုန်း ကျဆင်းသွားသလို၊ အမေရိကန် West Texas Intermediate ရေနံစျေးကလည်း ၄.၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။ အာရှစတော့စျေးကွက်တွေကတော့ မြင့်တက်လာခဲ့ပါတယ်။

 

ဘိုင်ဒန်အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟောင်း မက်သရူးမီလာကတော့ စစ်ပွဲမစတင်မီက ရှိခဲ့တဲ့အခြေအနေအတိုင်း ပြန်ဖြစ်ဖို့အတွက် ထရမ့်ဟာ အီရန်ကို အရေးပါတဲ့ လိုက်လျောမှုတွေ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

 

“နျူကလီးယားအစီအစဉ်ကို ဖြေရှင်းနိုင်မလားဆိုတာ ကျွန်တော်တို့အတွက် ဘာအာမခံချက်မှ မရှိပါဘူး။ ဒါပေမဲ့ အီရန်ဟာ ကမ္ဘာ့စီးပွားရေးကို ဓားစာခံလုပ်ပြီး အမေရိကန်ဆီကနေ အလဲအလှယ်တခုခု ပြန်တောင်းနိုင်တယ်ဆိုတာကို ကမ္ဘာကြီးကို ပြသလိုက်တာပဲဖြစ်တယ်” လို့ မီလာက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေ အီရန်ကို စတင်တိုက်ခိုက်ခဲ့ကတည်းက အီရန်နဲ့ လက်ဘနွန်တို့မှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ပါတယ်။

 

အီရန်က အစ္စရေးနဲ့ အမေရိကန်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့သလို ဟော်မုဇ်ရေလက်ကြားကိုပါ ထိရောက်စွာ ပိတ်ဆို့ခဲ့တာကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းတွေ တက်လာခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေကလည်း တုံ့ပြန်တဲ့အနေနဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ခဲ့ကြတာ ဖြစ်ပါတယ်။

 

အီရန်စစ်ပွဲဟာ ထရမ့်နဲ့ လွှတ်တော်ထဲက ရီပတ်ဘလစ်ကန်ပါတီဝင်တွေအတွက် ပြည်တွင်းမှာ နိုင်ငံရေးအရ ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ စက်သုံးဆီစျေးနှုန်းတွေ တက်လာတာကြောင့် အမေရိကန်ပြည်သူတွေ အကြီးအကျယ် စိတ်ပျက်နေကြတယ်ဆိုတာကို လူထုသဘောထားစစ်တမ်းတွေမှာ တွေ့ရပါတယ်။

 

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အပြီးတိုင်ပိတ်ပစ်ရမယ်လို့ အခိုင်အမာတောင်းဆိုနေတဲ့ သူ့ပါတီဝင်တွေရဲ့ ဖိအားပေးမှုကိုလည်း ထရမ့် ရင်ဆိုင်နေရပါတယ်။ အီရန်အပေါ် ပြတ်ပြတ်သားသား အရေးယူလိုတဲ့ ထိပ်တန်းရီပတ်ဘလစ်ကန် လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က သဘောတူညီချက်ကို ချီးကျူးခဲ့ပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး လာမယ့်ဆွေးနွေးပွဲတွေကို “အနီးကပ် စောင့်ကြည့်သွားမယ်” လို့ ပြောပါတယ်။

 

“ကျွန်တော်တို့ရဲ့ ဥပဒေအရ အီရန်နဲ့လုပ်မယ့် ဘယ်လိုနျူကလီးယား သဘောတူညီချက်မဆို လွှတ်တော်ကို ပို့ပြီး ပြန်လည်သုံးသပ်တာနဲ့ မဲခွဲဆုံးဖြတ်တာတွေ လုပ်ရမှာဖြစ်ပါတယ်။ အခုလိုအခြေအနေအထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက်အားလုံးကို ဂုဏ်ယူပါတယ်” လို့ သူက ဆိုပါတယ်။

 

ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတသက်တမ်းအတွင်းမှာ ဒီမိုကရက်တစ်သမ္မတ ဘားရက်အိုဘားမား ညှိနှိုင်းခဲ့တဲ့ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်ကို နုတ်ထွက်ခဲ့ဖူးပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ နိုင်ငံတကာစစ်ဆေးမှုတွေအပါအဝင် နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့ အလဲအလှယ်အနေနဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။

 

အီရန်ကလည်း ယူရေနီယံသန့်စင်မှုကို မြှင့်တင်ပြီး တုံ့ပြန်ခဲ့တာကြောင့် ဗုံးလုပ်လို့ရလောက်တဲ့အဆင့်နီးပါး သန့်စင်ထားတဲ့ယူရေနီယံ ကီလိုဂရမ် ၄၀၀ ကျော် (ပေါင် ၉၀၀ ခန့်) ကို ထုတ်လုပ်ထားခဲ့ပါတယ်။ အဆိုပါ ယူရေနီယံတွေရဲ့ နောက်ဆုံးကံကြမ္မာဟာ လာမယ့်ဆွေးနွေးပွဲတွေမှာ အဓိက ညှိနှိုင်းရမယ့်အချက် ဖြစ်လာနိုင်ပါတယ်။

 

 

Ref – Reuters