ထိုင်းမှာ လူသတ်၊ အလောင်းဖျောက် ပြေးလာသူကို ဟင်္သာတမှာ ဖခင်ကိုယ်တိုင် ရဲတိုင်ပြီး ဖမ်းဆီး

ပြစ်မှုကျူးလွန်ခဲ့တာ ထိုင်းမှာဆိုတော့ ခင်ဗျာ၊ ကျွန်တော်တို့က အထက်ကို တင်ပြထားပါတယ်ခင်ဗျ။ အထက်ဌာနတွေရဲ့ ညွှန်ကြားချက်နဲ့ ကျွန်တော်တို့ ဆက်လုပ်ပါမယ်ခင်ဗျ။ 

၁၃၊ ဇွန်။

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇနီးဖြစ်သူ မြန်မာအမျိုးသမီးတဦးကို သတ်ဖြတ်၊ အလောင်းဖျောက်ကာ ပြေးလာတဲ့ ဧရာ၀တီတိုင်း ဟင်္သာတမြို့သားတဦးကို ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ တရားခံဖခင်ဖြစ်သူ ကိုယ်တိုင်က သက်ဆိုင်ရာတွေ တိုင်ကြားပြီး ဖမ်းဆီးခဲ့ပါတယ်။

 

“သူ့သားရောက်လာလာချင်း  ဦးကံပွင့် (ဖခင်ဖြစ်သူ)က ရဲနဲ့ အုပ်မှူးကိုအကြောင်းကြားပီး ဖမ်း ခိုင်းတယ်။ ရဲစခန်းကို မိုးရွာထဲမှာ လင်မယားနှစ်ယောက် အ၀တ်အစားလေးတွေ လိုက်ပို့တယ်။  မိဘတာ၀န်ကို လုပ်တယ် ။ လေးစားစရာ”လို့  မိသားစုနဲ့ နီးစပ်သူ မြို့ခံတဦးက ပြောပါတယ်။

တရားခံဖြစ်သူ အောင်ပြည့်ဟာ မြို့ကို ပြန်မလာတာ ၁၀ နှစ်နီးပါး ရှိပြီဖြစ်ပြီဖြစ်သလို မိဘတွေနဲ့အတူ ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်ကိုလည်း မဆက်သွယ် ၊ မထောက်ပံ့တာ ကြာပြီလို့လည်း သိရပါတယ်။ အခုလို ပြည်ပက ပြန်လာတဲ့ တရားခံပြေးကို ဖမ်းမိပြီး မြို့မအချုပ်မှာ ဖမ်းဆီးထားတယ်လို့လည်း စခန်းတာဝန်ရှိ ရဲအရာရှိက အတည်ပြုပါတယ်။

 

“ဟုတ်ပါတယ်ဗျ၊ ဖမ်းဆီးရမိတာ ဟုတ်ပါတယ်ဗျ။ ထိုင်းက အကြောင်းမကြားသေးဘူးဗျ။ ဒီမှာကျွန်တော်တို့ လူမှု ကွန်ရက်တွေမှာတွေ့လို့ ဟင်္သာတသားဖြစ်နေလို့ ဒီမှာ ရှိ၊ မရှိ စုံစမ်းရင်းနဲ့ ရှိလို့ ဖမ်းဆီးတာပါဗျ။ ကျွန်တော်တို့ဆီ မှာ ထိန်းသိမ်းထားပါတယ်ဗျ” လို့ ဟင်္သာတမြို့မရဲစခန်းမှ ရဲအရာရှိက DNA ကို ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်ခဲ့သူဟာ အောင်ပြည့်(ခ)အောင်ပေဆိုသူဖြစ်ပြီး သူဟာ ဟ င်္သာတမြို့ မြ၀တီရပ်ကွက်၊ သီတာလမ်းမှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ 

 

အောင်ပြည့်ဟာ သူ့ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်ကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက် (သို့မဟုတ်) ၉ ရက်နေ့လောက်ကတည်းက သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့တာဖြစ်နိုင်ပြီး သေဆုံးသူအမျိုးသမီးရဲ့ ဦးခေါင်းအပါ အဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသ တင်းဌာနတွေမှာ ရေးထားပါတယ်။

 

မအေးအေးနွယ်သတ်ဖြတ်ခံထားရတာကို မနေ့က ဇွန်လ ၁၂ ရက်နေ့မှာမှ ထိုင်းရဲတပ်ဖွဲ့က သိရှိခဲ့ရတာဖြစ်ပြီး သတ်ဖြတ်သူဟာ မအေးအေးနွယ်ရဲ့ အမျိုးသား အသက် ၃၆ နှစ်အရွယ် အောင်ပြည့်ဖြစ်တယ်လို့ အတည်ပြုကာ ဖမ်း၀ ရမ်းထုတ်၊ ရှာဖွေနေခဲ့တာပါ။

 

ဘန်ကောက်မြို့ ရာဇသေဝီမြို့နယ်၊ မက္ကဆန်ရပ်ကွက်ရှိ အိမ်ရာဝင်းတခုကနေ အနံ့ဆိုးတွေ ထွက်လာတာကြောင့် ရဲတပ်ဖွဲ့က စစ်ဆေးကြည့်ရာ ပလက်စတစ်သေတ္တာပုံးတတခုထဲမှာ အလောင်းတွေ့ရှိရာကနေ မအေးအေးနွယ် သေဆုံးတာကို သိခဲ့ရတာဖြစ်ပါတယ်။

 

“မနက်က သွားဖမ်းကြတာ ကြားလိုက်တယ်။ ကြည့်ရတာ ဒီကောင်က သတ်ပြီးပြီးချင်း မြန်မာနိုင်ငံ ပြေးလာတာ ထင်တယ်။” လို့ ဟင်္သာတမြို့ခံတဦးက ပြောပါတယ်။

 

လက်ရှိမှာ ဇနီးဖြစ်သူကို သတ်ဖြတ်၊ အလောင်းဖျောက်ပြီး ပြေးလာတဲ့ အောင်ပြည့်ကို ဆက်လက်အရေးယူရမယ့် အခြေအနေနဲ့ ပက်သက်လို့ သက်ဆိုင်ရာအထက်ဌာနတွေကို တင်ပြထားပြီး ညွှန်ကြားချက်စောင့်နေတယ်လို့ ဟင်္သာတရဲစခန်းမှ ရဲအရာရှိက ပြောပါတယ်။

 

“ကျွန်တော်တို့က အရေးယူထားတာ မဟုတ်ဘူးဗျ။ ပြစ်မှုကျူးလွန်ခဲ့တာ ထိုင်းမှာဆိုတော့ ခင်ဗျာ၊ ကျွန်တော်တို့က အထက်ကို တင်ပြထားပါတယ်ခင်ဗျ။ အထက်ဌာနတွေရဲ့ ညွှန်ကြားချက်နဲ့ ကျွန်တော်တို့ ဆက်လုပ်ပါမယ်ခင်ဗျ။ သက်ဆိုင်ရာ နိုင်ငံအချင်းချင်းဆက်သွယ်ပြီးတော့ လွှဲဆို ကျွန်တော်တို့ လွှဲပေးရမှာပေါ့ဗျာ။ အဲဒါလေးပါ” လို့သူက ပြောပါတယ်။

လက်ရှိမှာတော့ အထက်ညွှန်ကြားချက်ကို စောင့်နေဆဲဖြစ်ပြီး ရဲစခန်းမှာ ထိန်းသိမ်း၊ စစ်ဆေးနေတယ်လို့ သိရပါ တယ်။