မတ္တရာမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ လေးဦးတပြိုင်တည်းသေဆုံး

ဧပြီ ၊ ၁၀
 
မန္တလေးမြို့ မြောက်ဘက်ရှိ မတ္တရာမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးမှာရှိ ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ Wetlet Information Network အဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။
 
“လက်နက်ကြီးက သူတို့အိမ်ထဲကို ကျတာ” လို့ သူကပြောပါတယ်။
 
ဒီကနေ့ မနက် ရှစ်နာရီခွဲလောက်မှာ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဘောင်ရွာမှာအထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ၈၁မမ လက်နက်ကြီးတွေပစ်ခတ်တာကြောင့် အဲ့ဒီရွာနဲ့လေးမိုင်လောက်အကွာက အောက်တောင်ကိုင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
 
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အောက်တောင်ကိုင်းရွာက အသက် ငါးဆယ်အရွယ် ဦးညွန်ခင်၊ ဒေါ်စန်း၀င်း၊ အသက် နှစ်ဆယ်ကျော်အရွယ် ကိုဖိုးသင်္ကြန်နဲ့ ကိုရဲမင်းခန့်ဆိုသူ လေးဦး ထိမှန်သေဆုံးသွားတယ်လို့သိရပါတယ်။
 
“ ရွာအလယ်ကောင်ရဲ့ အရှေ့တောင်ဘက်ကို ကျတယ်လို့သိရတယ်၊ အဲမှာ အိမ်ထဲမှာ နေတဲ့ ပြည်သူ လေးဦးပေါ့နော် အ သက် ငါးဆယ်ကျော်အရွယ် အမျိုးသမီးတဦး နဲ့ အမျိုးသားတဦး အသက် ၂၅ နှစ်အရွယ် နှစ်ဦး ဆုံးသွားတယ်”လို့ Wetlet Information Network အဖွဲ့ တာ၀န်ရှိသူကပြောပါတယ်။
 
မတ္တရာမြို့အနောက်ခြမ်းမှာရှိတဲ့ သုံးဆယ်ပေ၊ ကုန်းတန်းကြီး၊ ကုန်းတန်းလေး၊ ရွှေဘောင်၊ သဖန်းဒေါင့် နဲ့ ဘုရားမကုန်း စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အထိုင်ချထားပြီး အနီးအနားရှိ ကျေးရွာတွေကို အခုလိုပဲ ၁၂၀ မမ၊ ၈၁ မမ လက်နက် ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
 
“ လက်နက်ကြီးနဲ့ ပစ်တာကတော့ ညတိုင်းလိုလိုကိုပစ်နေတာ အခုရက်ပိုင်းအတွင်း မြို့အနောက်ဘက်နဲ့ မြောက်ဘက်ခြမ်း ကို အဓိကထားပစ်နေတယ်၊တရက်ကို အနည်းဆုံး မပစ်ပါဘူး ဆိုရင်တောင် သုံးလုံးလောက်ပစ်နေတယ် ” လို့ သူက ဆက်ပြောပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက အခုလို ကျေးရွာတွေကို တပ်စွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေ တာ ကြောင့် စစ်တပ်ရှိနေတဲ့ ရွာတွေအပြင် အနီးအနားက ရွာတွေကပါ နီးစပ်ရာ ကျေးရွာတွေနဲ့ ဧရာ၀တီမြစ်လယ် ကျွန်းတွေ အပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရှောင်ကူညီ သူတဦးကပြောပါတယ်။
 
“ အဲဒီဘက်က ရွာတွေစစ်ရှောင်နေရတယ်ဆိုတာ ဟုတ်တယ် ဒါပေမယ့် အရေအတွက် တိတိကျကျတော့ ပြောဖို့ ခက် တယ်ဘာလို့လဲဆိုတော့ တချို့ အဆင်မပြေတဲ့သူတွေကျတော့လည်း မြစ်ကမ်းဘက်မှာ တဲထိုးနေတဲ့သူတွေရှိသလို တချို့ မပြေးနိုင်တဲ့သူတွေကလည်း ရွာတွေမှာ ဒီအတိုင်းပဲ နေရတဲ့သူတွေလည်းရှိနေသေးတယ် ” လို့ သူကဆိုပါတယ်။
 
မတ္တရာမြို့အနောက်ခြမ်းမှာ စစ်တပ်က အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် စစ်ကြောင်းထိုးရင်း အရပ်သား တွေကို ဖမ်းဆီးသတ်ဖြတ်နေပေမယ့် တိုက်ပွဲ ကြီးကြီးမားမားဖြစ်တာမျိုးမရှိဘူးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်တဦး ကပြောပါတယ်။
 
“ စစ်ကြောင်းလာရင် မိုင်းဆွဲတာလောက်နဲ့ ဒရုန်းနဲ့ ဗုံးသီးချတာလောက်တော့ တခါတလေရှိတတ်တယ်၊ တိုက်ပွဲဖြစ်တာ မျိုးတော့ ဒီရက်ပိုင်းမရှိပါဘူး စစ်တပ်က သက်သက်မဲ့ကို အရပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာပါ ” လို့ သူကပြောပါတယ်။
 
ဓာတ်ပုံ – Wetlet Information Network