ဒိန်းမတ် ရေတပ်သင်္ဘော ဒုံးကျည်စနစ် ချွတ်ယွင်းမှုကြောင့် အသွားအလာ ထူထပ်တဲ့ ရေလမ်းကြောင်းကို ပိတ်ထားရ

ဧပြီ၊ ၅

ဒုံးကျည် ပစ်ခတ်မှုစနစ်တခု ချွတ်ယွင်းမှု ပြဿနာကြောင့် ဒိန်းမတ်ဟာ အသွားအလာ အထူထပ်ဆုံး ရေလမ်းကြောင်း တခုကို ပိတ်ထားလိုက်ရပါတယ်။

ဒိန်းမတ် ကမ်းလွန်မှာရှိတဲ့ ဂရိတ်ဘဲ့လ်ထ် ရေလက်ကြားဟာ ကမ္ဘာပေါ်မှာ အသွားအလာ အရှုပ်ထွေးဆုံး ရေလက်ကြား တခု ဖြစ်ပါတယ်။ ဒိန်းမတ် စစ်သင်္ဘော Niels Juelဟာ ဘောလ်တစ် ပင်လယ်ဆီ ဝင်ရောက်တဲ့ ပင်မရေလမ်းကြောင်းဖြစ်တဲ့ အဲဒီ ရေလက်ကြားနားမှာ နေရာယူထားပါတယ်။

သင်္ဘောပေါ်မှာ ရှိနေတဲ့ ဒုံးကျည်ပစ်လွှတ်မှု စနစ်ဟာ အသက်ဝင်နေပြီး ချွတ်ယွင်းမှုတွေ ဖြစ်နေတယ်လို့ ဒိန်းမတ် ရေတပ်က ပြောပါတယ်။ ဧပြီ ၄ ရက်က စစ်ဆေးမှုတွေ ပြုလုပ်ရင်း အဲဒီ ပြဿနာ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

ရေတပ် သင်္ဘောပေါ်က Harpoon ဒုံးကျည်ရဲ့ တွန်းကန်စနစ်ဟာ အသက်ဝင်နေပြီး လတ်တလောမှာ ပြန်လည် ရုပ်သိမ်းလို့ မရသေးတာကြောင့် မတော်တဆ ဒုံးကျည်ထွက်သွားပြီး အနီးတဝိုက်က သင်္ဘောတွေကို ထိမှန်မှာ စိုးတဲ့အတွက် ရေလမ်းကြောင်းကို ယာယီ ပိတ်ထားလိုက်ရတာ ဖြစ်ပါတယ်။

ဒုံးကျည်စနစ်ကို မပိတ်သိမ်းနိုင်သေးသ၍ အဲဒီ ဒုံးကျည်ဟာ ရုတ်တရက် ပျံသန်းထွက်ခွာသွားပြီး ကီလိုမီတာတချို့ထိ ခရီးပေါက် ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အနီးတဝိုက်က ရေကြောင်းသွားလာမှုတွေအပြင် လေယာဉ်ပျံသန်းခွင့်တွေကိုပါ ပိတ်ပင်ထားလိုက်ရပါတယ်။ ဒါပေမဲ့ ဒုံးကျည်ဟာ သင်္ဘောပေါ်မှာ ပေါက်ကွဲတာမျိုး၊ ကနဦးအဆင့် တွန်းကန်စနစ်က အသက်သွင်းပေးလိုက်တဲ့ ကီလိုမီတာ တချို့ထက် ပိုပြီး ခရီးရောက်တဲ့ အန္တရာယ်မျိုးတော့ မရှိဘူးလို့လည်း ရေတပ်က အတည်ပြုထားပါတယ်။

လောလောဆယ်တော့ အန္တရာယ်ဇုန် သတ်မှတ်ထားရာ နေရာတဝိုက်ကို သင်္ဘောတွေ ဝင်မလာဖို့ ထုတ်ပြန်ထားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

Ref: EuroNews