ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံထားရတဲ့ အဖိုးအို ကွယ်လွန်

ဧပြီ၊ ၅

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံထားရသူ ဗင်နီဇွဲလား နိုင်ငံသား အဖိုးအိုဟာ အသက် ၁၁၅ နှစ် ပြည့်ခါနီးမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဟွမ်ဗင်းဆင့် ပီရက်ဇ် မိုရာဟာ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးအဖြစ် တရားဝင် အသိအမှတ် ပြုမှုကို ခံထားရသူပါ။ သူဟာ အသက် ၁၁၅ နှစ်ပြည့်ဖို့ သီတင်းပတ် အနည်းငယ်သာ လိုတော့တဲ့အချိန် ဧပြီလ ၂ ရက်နေ့က ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

သူ့ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့က အသက် ၁၁၂ နှစ်နဲ့ ၂၅၃ ရက် အရွယ်မှာ ဂင်းနစ်အဖွဲ့က ကမ္ဘာ့စံချိန်အတွက် အသိအမှတ် ပြုခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၉၀၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့က မွေးဖွားခဲ့သူလည်း ဖြစ်ပါတယ်။

သူက အသက်ရှင်ခြင်း လျှို့ဝှက်ချက်ကို မေးမြန်းတဲ့ အခါတိုင်း အလုပ်ကြိုးစားပြီး အားလပ်ရက်တွေမှာ အပြည့်အဝ အနားယူ၊ ရိုးရာ အရက်ဖြူကို တနေ့တခွက်သောက်ပြီး ဘုရားသခင်ကို ချစ်ကြည်ညိုတာကြောင့်လို့ ဖြေလေ့ ရှိပါတယ်။

သူက ကွယ်လွန်သွားပြီးရင်တောင် အလုပ်ကြိုးစားတဲ့သူ၊ ဇနီးနဲ့ ဘုရားသခင်အပေါ် ဘယ်တုန်းကမှ သစ္စာမပျက်ယွင်းခဲ့သူအဖြစ် အမှတ်ရနေတာမျိုး ဖြစ်စေချင်တယ်လို့ ပြောဖူးပါတယ်။

ပီရက်ဇ်ဟာ လယ်သမား၊ ရဲဝန်ထမ်း၊ ဆောက်လုပ်ရေးလုပ်သား အစရှိတဲ့ အလုပ်တွေမှာ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။ သူဟာ ဇနီးဖြစ်သူ အိုင်ဒိုဖီနာ ရိုစာရီယို ဂါစီယာနဲ့ ၁၉၃၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ဇနီးကတော့ ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ပီရက်ဇ်တို့ ဇနီးမောင်နှံမှာ သား ၆ ဦးနဲ့ သမီး ၅ ဦး ဖွားမြင်ခဲ့ပြီး မြေး ၄၂ ဦး၊ မြစ် ၁၈ ဦးနဲ့ တီ ၁၂ ဦး ရှိနေပါတယ်။ ပီရက်ဇ်ဟာ ဗင်နီဇွဲလား နိုင်ငံသမိုင်းမှာ ရှင်သန်နေထိုင်ဖူးသမျှ အသက်အကြီးဆုံး ပုဂ္ဂိုလ် အဖြစ်လည်း မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

 

Ref: CBS