စစ်ဗျူဟာအရေးပါတဲ့ ယောယုံဗျူဟာတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

မတ်၊ ၂၈
 
ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကြားက စစ်ကောင်စီတပ်ရဲ့ ယောယုံဗျူဟာ တပ်စခန်းကြီးကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်နိုင်လိုက်ပြီလို့ သိရပါတယ်။
 
အဲလို သိမ်းပိုက်လိုက်နိုင်ပြီဆိုတဲ့အကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းအရင်းအမြစ်တဦးက Delta News Agency ကို အတည်ပြုပြောကြားပါတယ်။
 
လွယ်ဂျယ်မြို့နဲ့ ဆယ်မိုင်ကျော်လောက်အကွာမှာရှိတဲ့ အဲဒီ ယောယုံစခန်းနဲ့ အနီးအနားစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၇ ရက်၊ မနေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
 
လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်ကတည်းက စခန်းချထားတဲ့ အဲဒီဗျူဟာစခန်းမှာ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ) ၂၁ လက်အောက်ခံ တပ်ရင်းသုံးရင်းက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတပ်စွဲထားပြီး လက်နက်ကြီးတွေလည်း အခိုင်အမာချထားတယ်လို့ သိရပါတယ်။
 
အဲဒီ ယောယုံစခန်းကို ၁၉၈၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နဲ့ KIA ပူးပေါင်းတပ်တွေ တနေကုန်တိုက်ခိုက်ခဲ့ပေမယ့် မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဗကပ အဖွဲ့ဝင်ဟောင်း ဦးမောင်မောင်စိုးက မနေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသား ဖော်ပြထားပါတယ်။
 
“ဒီနေ့ ၂၀၂၄ ခုနှစ်မတ်လ ၂၇ရက်နေ့ မှာ ယောယုံကို ကေအိုင်အေ ပူးပေါင်းတပ်တွေ ပြန်တိုက်ကြတယ်ဆိုတော့ ၃၉ နှစ်နဲ့ ၅ ရက်အကြာမှာ ပြန်တိုက်ကြတာဘဲပေါ့။ ၁၉၈၅ ခုနှစ် ယောယုံတိုက်ပွဲကာလက အခု ကေအိုင်အေမှာ ထိပ်တန်းခေါင်းဆောင်တွေဖြစ်နေကြတဲ့ စစ်ဦးစီးချုပ် ကိုခေါင်လွန်းတို့၊ ကေအိုင်စီ ဒုဥက္ကဌ ကိုဂွမ်မော်တို့တောင် ကေအိုင်တပ်ထဲတောင် မရောက်ကြသေးဘူး” လို့လည်း ဦးမောင်မောင်ဆွေက ရေးသားထားပါတယ်။
 
မနေ့ကတည်းကနေ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ အဲဒီ ယောယုံစခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။
 
တိုက်ပွဲအတွင်း လက်နက်ချအညံ့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိသလို တချို့ကလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
 
အလားတူပဲ ယောယုံတပ်စခန်းအနီးရှိ မိုးမောက်-လွယ်ဂျယ်လမ်းတလျှောက်က စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ရှန်တိုင်၊ ဖာလန်င်း၊ လော့မွန်၊ ဂေါင်ငူကောင်၊ ဘန်ယောင်စတဲ့ တပ်စခန်းတွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။
 
ကချင်ပြည်နယ်အတွင်း KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ဗန်းမော်၊ မိုးမောက်တဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ တပ်တွေက မတ်လ ၇ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီ လက်ရှိအချိန်ထိတော့ ဗျူဟာကုန်းတွေအပါအဝင် စခန်းပေါင်း ငါးဆယ်ဝန်းကျင် သိမ်းပိုက်ရရှိထားပြီလို့လည်း သိရပါတယ်။
 
“စကခ၂၁တောင်ပိတ်မိနေပြီ ဗန်းမော်ခရိုင်ကိုတော့သိမ်းမယ့်အနေအထားရှိတယ်” လို့ KIOနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
 
ဓာတ်ပုံ – Social Media