ဘီးလင်းမှာ လူနာတင်ယာဉ် မိုင်းဆွဲပစ်ခတ်ခံရလို့ လူနာတဦးနဲ့ ယာဉ်မောင်းဒဏ်ရာရ

မတ်၊ ၂၈
 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကမာဆိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မနေ့ ကမတ် ၂၇ ရက် ည ၈ နာရီ​လောက်မှာ လူနာတင်ယာဉ်တစီးမိုင်းဆွဲပစ်ခတ်ခံရလို့ ယာဉ်မောင်းနဲ့ လူနာတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။
 
“ပထမက မိုင်းဆွဲတာ အဲဒါကို ရှောင်လိုက်နိုင်တယ် နည်းနည်းတော့ ထိတာပေါ့၊ ပြီးတော့ သေနတ်နဲ့ပါ ထပ်ပစ်တော့မှ လူထိသွားတာ” လို့ သထုံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
သထုံမြို့နယ် အကြင်နာတွဲလက် လူမှုကူညီရေးအသင်းကားမှ လူနာပို့ဆောင်ဖို့အတွက် သထုံမြို့ကနေ ရန်ကုန်မြို့ကို တက်လာချိန် ဘီးလင်းမြို့နယ် ကမာဆိုင်ကျေးရွာ အဝေးပြေးကားလမ်းပေါ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တခုမှ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
မိုင်းဆွဲပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါသူ ခြောက်ဦးအနက် အသက်သုံးဆယ်ကျော်အရွယ် ယာဉ်မောင်းဖြစ် သူမှာ တင်ပါး၊ နှာခေါင်း၊ ရင်အုံသေနတ်ရှပ်ထိဒဏ်ရာနဲ့ မိုင်းစထိမှန်ခဲ့သလို အသက် ၃၀ ကျော်အရွယ်လူနာ အမျိုးသားတဦးလည်း ဒူးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့မှာဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီလိုမျိုး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရန်ကုန်ကို လူနာပို့မဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူနှစ်ဦးကို သထုံဆေးရုံကြီးမှာ ဆေးကုသမှုခံရယူနေကာ အသက်အန္တရာယ် မစိုးရိမ်ရ ဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် လူနာတင်ကားမှန် ကွဲထွက်သွားသလို ကားဘီးတွေအပါအဝင် ကားရေတိုင်ကီတွေလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးသလို DNA က ဆက်သွယ်ရရှိခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက သူတို့ လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။
 
“အခုက ဘယ်အဖွဲ့က လုပ်တာတော့ မသိဘူး၊ အကိုတို့မဟုတ်ဘူးပေါ့နော်၊ အဲဒီလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားတာတော့ ရှိတယ်” လို့ မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံက ပြောပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သတ်မှတ်ချိန်ပြင်ပမှာ ဘယ်ကိစ္စမဆို အပြင်ထွက်သွားလာရင် မှန်ချမောင်းနှင်ဖို့၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံဖို့ သတိပေးထားပြီး အဲဒီသတိပေးချက်ကို မလိုက်နာရင်တော့ ဖြစ်လာမယ့်နောက်ဆက်တွဲပြဿနာကို တာဝန်ယူမှာ မဟုတ်ဘူးလို့ အတိအလင်းကြေညာထားပါတယ်။
 
ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမကြီးမှာဆိုရင် လူနာတင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ၊ အိမ်စီးကား တွေ ခရီးသည်တင်ယာဉ်တွေ မကြာမကြာပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပြီး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေက တော်လှန်ရေးအင်အားစုဘက်က လုပ်ဆောင်ခဲ့တာ ရှိသလို စစ်ကောင်စီဘက်ကလည်း လုပ်ဆောင်ခဲ့တာ ရှိတယ်လို့ သိရပါတယ်။
 
“ဘယ်သူလုပ်တာလို့ မပြောလိုပေမဲ့၊ တချို့ကိစ္စကျတော့ လူနာရဲ့ အသက်အန္တရာယ်စိုးရိမ်မှုအပေါ်မူတည်ပြီး အလျင်အမြန်လုပ်ရတာရှိပါတယ်၊ နာလည်ပေးစေချင်ပါတယ်၊ ကိုယ့်အကျိုးအတွက် လုပ်ကြတာမဟုတ်ပါဘူး၊ မရှိတဲ့သူတွေကို အဓိကအားထားနေရတာပါ” လို့ အထက်ပါလူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media