
“ဒီမှာဆို အရင်တ ပိဿာရတယ်။ အခု ၄၀ သားပဲ ရတော့တယ်။ အပြင်စျေးက မတရားကြီးတက်နေတော့ အနားမကပ်နိူင်ဘူး ”
၁၀၊ဇူလိုင်
စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း ကြီးကြပ်ကွပ်ကဲမှု ကော်မတီက အခြေခံ လက်ကား ရည်ညွှန်းဈေးအဖြစ် တပိဿကို ၇,၂၃၀ ကျပ်လို့ သတ်မှတ်ထားပေမယ့် ဈေးကွက်ထဲမှာတော့ ၁၇,၀၀၀ ကျပ်အထိ ဈေးပေါက်နေပြီး ပစ္စည်းလည်း ပြတ်လပ်ရှားပါးနေတယ်။
“အချို့ဆိုင်တွေက ဝယ်တဲ့သူတိုင်း မရောင်းပေးတော့ဘူး။ ရောင်းပေးတဲ့ဆိုင်ဆိုလည်း အရင် တပိဿာ ရောင်းပေးရင် အခု ၇၀ သား လောက်ပဲ ရောင်းတော့တယ်။ ဒါတောင် အချိန်မပြည့်ဘူး” လို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မှာ နေထိုင်သူတဦးက ပြောပါတယ်။
စားအုန်းဆီကို ဝယ်ယူခွင့် စာအုပ်ထုတ်ပေးပြီး သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ခွဲတမ်းနဲ့ဝယ်ဖို့ ခွင့်ပြုထားပေမယ့် ရောင်းပေးတဲ့ ခွဲတမ်းလျော့သွားတဲ့အပြင် ဆီချိန်တာ မပြည့်တာတွေလည်း ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။
“ဒီမှာဆို အရင်တ ပိဿာရတယ်။ အခု ၄၀ သားပဲ ရတော့တယ်။ အပြင်စျေးက မတရားကြီးတက်နေတော့ အနားမကပ်နိူင်ဘူး ” ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
အခုလို စားအုန်းဆီစျေး အဆမတန် မြင့်တက်ပြီး ဆိုင်အချို့မှာ အရောင်းရပ်ထားတာကြောင့် အကြော်အလှော် ရောင်းချသူတွေနဲ့ အိမ်မှာချက်ပြုတ်ရတဲ့သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
စားအုန်းဆီစျေးကို ဝယ်ယူရတဲ့ နိုင်ငံရဲ့ စျေးအတက်အကျ အပေါ်မူတည်ပြီး ပြည်တွင်းအတွက် ရည်ညွန်းစျေး သတ်မှတ်ရတာလို့ စစ်အစိုးရက ဖြေရှင်းချက် ပေးထားပါတယ်။
ဒါပေမဲ့ ဆီတင်သွင်းတဲ့ အရေအတွက် လျှော့ချလိုက်လို့ အခုလို အခြေအနေ ရောက်လာရတာလို့ စားအုန်းဆီ အရောင်းဆိုင်တွေက ပြောကြပါတယ်။
Photo-လူမူကွန်ရက်