ရွေပြည်သာကျေးရွာ ပြည်သူ့စစ်ခန်းကို ရေးဘီလူးအဖွဲ့တိုက်ခိုက်

ဖေဖော်ဝါရီ ၊ ၈

မွန်ပြည်နယ်၊ ရေးမြို့နယ် ရွှေပြည်သာကျေးရွာရှိ ပြည်သူ့စစ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်  ညနေ သုံးနာရီခွဲခန့်က ရေးဘီလူးအဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဝင်တချို့ထိခိုက်သေဆုံး​​​ပြီးစခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က DNA ကို ပြောပါတယ်။

“စစ်ဆင်ရေးက လုပ်ရတာ တော်တော်ခက်ခဲတယ်၊ ပတ်ပတ်လည်မှာ သူတို့(စစ်တပ်)လူတွေပဲ ဝိုင်းထားတာ၊ သေချာအစီအစဉ်ဆွဲပြီး ဝင်ပစ်တာ သူတို့ကျတဲ့သူကျတယ်၊ ပြေးတဲ့သူက ပြေးတယ်၊ စခန်းကိုတော့ သိမ်းရတယ်” လို့ သူက ပြောပါတယ်။

ရေးမြို့နယ်အနောက်ဘက် လေးမိုင်ခန့်အကွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဝင်၁၂ ဦးထက်မနည်း တပ်စွဲထားတဲ့ စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးကျဆုံး​​ပြီးထိခိုက်ဒဏ်ရာရရှိသူများရှိပေမဲ့ တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့ဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိသေးပါဘူး။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဆယ့်ငါးမိနစ်ကျော်ကြာပြီးနောက် ပြည်သူ့စစ်အဖွဲ့ဘက်က အထိနာကာ ထွက်ပြေးသွားတာကြောင့် စခန်းကို သိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိပေမဲ့ စခန်းအတွင်းမှာ မူးယစ်ဆေးဝါးတွေ၊ ဆိုင်ကယ်နှစ်စီးနဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ပြည်သူ့စစ်အဖွဲ့မှာစစ်ကောင်စီအရာရှိတွေဆီကနေ လုပ်ပိုင်ခွင့်အာဏာကို ရယူပြီး အရပ်သားတွေကို ဖမ်းဆီးခြိမ်ခြောက်တာ၊ NLD ပါတီဝင်တွေ ပိုင်ဆိုင်တဲ့ ရောဘာခြံတွေကို သိမ်းဆည်းတာ၊ အပင်ခုတ်လှဲရောင်းချတာ၊ မြေကွက်ရိုက်ရောင်းချတာနဲ့ ဒုစရိုက်လုယက်မှုတွေ ကျူးလွန်နေကြတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

” သူတို့တွေ ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေတာကြာပြီး ပျူတွေ ဆိုပေမဲ့ ပြည်သူထဲက ပြည်သူတွေပဲ ဆိုတော့ အကြိမ်ကြိမ်သတိပေးတယ်၊ မရဘူး၊ တနေ့ထက်တနေ့ ဆိုးလာတော့ ကျွန်တော်တို့တွေ အခက်အခဲကြားကနေ သွားလုပ်လိုက်တာပါ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ရွှေပြည်သာပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ တပ်ဖွဲ့ဝင်တဦးကျတယ်လို့ ရေးသားဖော်ပြထားပါတယ်။

” တဦးသေတယ်၊ ပြည်သူ့စစ်ပဲ၊ သုံးဦးဒဏ်ရာရတယ်၊ အခုတော့ အဲဒီနေရာကို တပ်ဘက်က ဝင်ရောက်နေရာယူပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်” လို့ ရေးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မနေ့ ညနေငါးနာရီခန့်မှာလည်း ရေးမြို့နယ်အခြေစိုက် အမြောက်တပ် ၃၁၅ မှ လက်နက်ကြီးငါးလုံးပစ်ခတ်ခဲ့ရာ ကျုံးလောင်ရွာဟောင်းဘက်ကို ကျရောက်ပေါက်ကွဲလို့ အရပ်သား ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာ အသက်ဆယ်နှစ်ကျော်ကလေးနှစ်ဦးအပါအဝင် ငါးဦးလက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

အခုနှစ်မှာ ရေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ရင်းတပ်စခန်းတွေကို တော်လှန်ရေး အင်အားစုတွေက ဆက်တိုက်ဆိုသလို ဝင်ရောက်တိုက်ခိုက်နေပြီး စခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့စခန်းတိုက်ခိုက်မခံရဖို့ လူအင်အားလက်နက်အင်အားဖြည့်တင်းထားပြီး နေရာအနှံ့မှာ လုံခြုံရေးတင်းကြပ်ထားသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ နေ့စဉ်နဲ့ အမျှလုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။