KNU နယ်မြေတွေမှာ တနှစ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ အရပ်သားနှစ်ရာနီးပါး သေဆုံး

ဇန်နဝါရီ၊ ၁၉
 
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၉၅ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီရဲ့လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု၊ သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်မှု၊ အများသုံးတဲ့လမ်းမှာ မိုင်းထောင်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ စတာတွေကြောင့် တနှစ်အတွင်း အရပ်သား နှစ်ရာနီးပါးအထိ သေဆုံးကာ ထိခိုက်သူ ၆၆၀ ကျော်နဲ့ ဖမ်းဆီးခံရသူ နှစ်ရာနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် နေအိမ် နှစ်ထောင်နီးပါးနဲ့ ပြည်သူပိုင်အဆောက်အအုံ ၉၁ လုံးလည်း ပျက်စီးခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
 
အလားတူ ဘုန်းကြီးကျောင်း ၂၅ ကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံ ၄၄ ခု၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဆေးရုံနဲ့ ဆေးပေးခန်း ခုနစ်ခုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီက ပြီးခဲ့တဲ့တနှစ်အတွင်း KNU နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ရှစ်ရာနီးပါး၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်နှစ်ထောင်ကျော်၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ၅၅ ကြိမ်အထိ လုပ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
 
KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တနှစ်အတွင်း တိုက်ပွဲ ကြီးငယ်စုစုပေါင်း ၄၆၀၀ ကျော်ဖြစ်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၄ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
အလားတူ ထိခိုက်ဒဏ်ရာရသူ ၆၀၀ နီးပါးရှိခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ငါးထောင်ဝန်းကျင်သေဆုံးကာ ၃၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ KNU ကဆိုပါတယ်။
 
တိုက်ပွဲတွေမှာ အထိနာတဲ့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အပါအဝင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ အရပ်သား ခုနစ်သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဖော်ပြပါတယ်။
 
KNU ရဲ့ အုပ်ချုပ်နယ်မြေ ခုနစ်ခုမှာ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)ဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သား အများဆုံးရှိနေတဲ့ ဒေသဖြစ်ပြီး လတ်တလောမှာလည်း ပဲခူးတိုင်းအတွင်း စစ်ကောင်စီနဲ့ KNLA၊ KNDO တို့အပါအဝင် တခြားတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။
 
ဓာတ်ပုံ – KNU