ကိုရီးယားနှစ်နိုင်ငံ ပြန်ပေါင်းစည်းဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ကင်ဂျုံအန်းပြော

ဇန်နဝါရီ၊ ၁၆

ကိုရီးယား နှစ်နိုင်ငံ ပြန်လည်သင့်မြတ် ပေါင်းစည်းရေးဟာ လုံးဝ မဖြစ်နိုင်တော့တဲ့ ကိစ္စလို့ ဆုံးဖြတ်လိုက်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

သူက တောင်ကိုရီးယားကို နိုင်ငံရဲ့ နံပါတ်တစ် ရန်သူအဖြစ် သတ်မှတ်ဖို့ မြောက်ကိုရီးယား ဖွဲ့စည်းပုံ ဥပဒေကိုပါ ပြန်လည် ပြင်ဆင် ရေးဆွဲစေချင်ကြောင်း ဆိုပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ ဥပဒေမှာ စစ်ပွဲကြောင့် နှစ်ခြမ်းကွဲသွားတဲ့ နိုင်ငံနှစ်ခု တချိန်ချိန်မှာ ပြန်လည် သင့်မြတ် ပေါင်းစည်းရေးကို လမ်းဖွင့်ထားတဲ့ သဘောထားမျိုးကို ကင်က မလိုလားတော့ဘူးလို့ ဆိုပါတယ်။ 

၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်ထိ စစ်ခင်းတိုက်ခိုက်ခဲ့တဲ့ နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်ရေးဟာ နှစ်ဖက်စလုံးက ပြည်သူတွေကြားမှာ လိုလိုလားလား ရှိနေတဲ့ ကိစ္စဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရိပ်ရိပ် မြင့်တက်လာတဲ့ တင်းမာမှုတွေကြောင့် အဲဒီ မျှော်လင့်ချက်ဟာ ဝေးသထက် ဝေးကွာလာပါတယ်။

ကိုရီးယား ကျွန်းဆွယ်အရေး စောင့်ကြည့် လေ့လာသူတွေက မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းမှုတွေ တိုးတက်လာပြီး ဒေသတွင်း လုံခြုံရေး ကဏ္ဍတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိလာစေတဲ့ အခြေအနေကို မကျေမလည် ဖြစ်နေကြောင်း မှတ်ချက် ပေးကြပါတယ်။

တဖက်မှာလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား လက်နက် နည်းပညာတွေ အရှိန်အဟုန်မြှင့် တီထွင်နေခြင်းကြောင့် တောင်ကိုရီးယားဟာ အမေရိကန်နဲ့ စစ်ရေးအရ ပူးပေါင်းမှုတွေကို မဖြစ်မနေ တိုးမြှင့်လာရပါတယ်။

တောင်ကိုရီးယားကို နံပါတ်တစ် ရန်သူနိုင်ငံအဖြစ် ကြေညာပြီး နှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေးကိစ္စ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ခြင်းဟာ ကင်ရဲ့ နျူကလီးယား လက်နက်တိုက် ချဲ့ထွင်ရေး ရည်မှန်းချက်တွေကိုပါ ပိုမို တွန်းအားပေးလာဖွယ် ရှိနေပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ကိုရီးယား ကျွန်းဆွယ်ဖက်က အခြေအနေတွေကို ကြားနေ၊ မြင်နေရတာတွေအတွက် စိုးရိမ်မိတယ်လို့ ပြောကြားသွားပါတယ်။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဆက်ဆံရေး ကဏ္ဍကို သိသိသာသာ မြှင့်တင်လာပြီး အမေရိကန်ရဲ့ ဖိအားပေးမှုကို တန်ပြန်ဖို့ ကြိုးစားလာပါတယ်။ ဒီအတောအတွင်း မြောက်ကိုရီးယား အစိုးရဟာ တောင်ကိုရီးယားနဲ့ ထိတွေ့ ဆက်ဆံမှုတွေမှာ တာဝန်ယူရတဲ့ အေဂျင်စီတွေနဲ့ ဌာနတချို့ကိုပါ ဖျက်သိမ်းပစ်နေကြောင်း အစိုးရပိုင် KCNA သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

 

Ref: PBS