တနေ့တာ ထူးခြားသတင်းများ

ဇန်နဝါရီ ၊ ၁၆ 

#ကျောက်တော်ကခမရ ၅၃၉တပ်ရင်းAAဆီတပ်ရင်းလိုက်လက်နက်ချ

#နမ့်ဖတ်ကာမှာစစ်ကောင်စီတိုက်လေယာဉ်ကိုပစ်ချလိုက်တယ်လို့KIAပြော

#ကမ္ဘာ့နိုင်ငံရေးမှာအစွန်းမထွက်ဖို့NUGယာယီသမ္မတသတိပေး

#သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကျဆုံး

#စစ်တွေလေဆိပ်ဝန်းထဲပေါက်ကွဲမှုဖြစ်လို့သေဆုံးထိခိုက်မှုရှိ

#ကျိုက်မရောအကျဉ်းထောင်မှာရက်ပိုင်းအတွင်းနိုင်ကျဉ်းနှစ်ဦးသေဆုံး

#ရခိုင်နဲ့ပလက်ဝမှာစစ်တပ်လက်ချက်နဲ့တရက်တည်းအရပ်သားခြောက်ဦးသေဆုံး

ဒီကနေ့ ဇန်နဝါရီ (၁၆)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ ကျောက်တော်က ခမရ ၅၃၉တပ်ရင်း AAဆီ တပ်ရင်းလိုက်လက်နက်ချ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် ကန်စောက်ရွာအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၃၉ဟာ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင် ရာချီ ရခိုင့်တပ်တော် AAဆီလက်နက်ချခဲ့ တယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။

ရခိုင့်တပ်တော် AA က ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေသလို ပိတ်ဆို့ဖြတ်တောက်မှုတွေလည်းလုပ် ထားတာကြောင့် အဲ့ဒီတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တပ်မိသားစုဝင် ဒီကနေ့ မနက်ပိုင်းမှာ အလံဖြူ ထောင်လက်နက်ချခဲ့ကြတာလို့ဆိုပါတယ်။

လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ တပ်မိသားစုဝင်အရေအတွက်ကို တိတိကျကျ မသိရသေးပေမယ့် ဒေသ တွင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုမှုအရ သုံးရာထက်မနည်းရှိနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်၊ ရဲစခန်းတွေနဲ့ဗျူဟာကုန်းတွေ အများအပြားသိမ်းဆည်းခံနေရသလို စခန်းစွန့်ပြီးပူးပေါင်းတာအပြင် အခုလို  တပ်ရင်းလိုက် လက်နက်ချတာမျိုးတွေပါရှိလာတာပါ။

ပုဏ္ဏားကျွန်းမြို့နဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာတည်ရှိပြီး အင်အားတရာကျော်ရှိတဲ့ သာစည်ရွာရှိ စစ်ကောင်စီ တပ် စခန်းဟာလည်း ဒီနေ့မနက်အစောပိုင်းက စခန်းစွန့်၊ ဆုတ်ခွာပြီး မြို့ပေါ်တပ်ရင်းမှာ ပူးပေါင်းခဲ့ကြတယ်လို့ နီးစပ် တဲ့ ဒေသခံတွေက ပြောကြပါတယ်။

အလားတူ မနေ့က ဇန်နဝါရီ ၁၅ ရက်ကလည်း ရသေ့တောင်မြို့နယ်အတွင်းမှ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ ရေစိုး ချောင်းဗျူဟာကုန်း၊ အမျက်တောင်၊ မညှင်းတောင်၊ ထီးစွဲ၊ ဆောက်ခတ်စခန်းတို့က စစ်ကောင်စီ တပ်သား တွေဟာ မြို့ပေါ်တပ်ရင်းတွေဆီ ဆုတ်ခွာ၊ ထွက်ပြေးခဲ့ကြပါသေးတယ်။

၂။ နမ့်ဖတ်ကာမှာစစ်ကောင်စီတိုက်လေယာဉ်ကိုပစ်ချလိုက်တယ်လို့KIAပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ ဒေသမှာ စစ်ကောင်စိရဲ့ ဂျက်ဖိုက်တာ တိုက်လေ ယာဉ်တစီးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ပစ်ချလိုက်နိုင်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဘက်က အတည်ပြုပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစီးကို ဒီကနေ့ နေ့လယ် ၁၂နာရီဝန်းကျင်မှာ ပစ်ချလိုက်တာလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်မီဒီယာတခုဖြစ်တဲ့ Kachin News Group ကို အတည်ပြု ပြော ထားပါတယ်။

နမ့်ဖတ်ကာရွာဟာ စစ်ကောင်စီရဲ့ ခလရ ၁၂၃ တပ်ရင်း အခြေစိုက် ဒေသတခုဖြစ်ပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ် ဆင်ရေးစတင်ခဲ့ချိန်ကတည်းက အဲ့ဒီအနီးတဝိုက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတာပါ။

လတ်တလောရက်ပိုင်းအတွင်းမှာတော့ kia က အဲ့ဒီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အတည်ပြုထား ပြီး ဇန်ဝါရီ ၁၄ရက်ညပိုင်းကတော့ စခန်းကိုသိမ်းပိုက်နိုင်ပြီလို့ Kia စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားထားတဲ့ သတင်းတချို့မှာဖော်ပြပါတယ်။

ဒီကနေ့ တိုက်လေယာဉ်တစီးပစ်ခံချရချိန်မှာ မြေပြင်တိုက်ပွဲတွေ ဆက်ဖြစ်နေတာရှိမရှိနဲ့ ပစ်ချခံရတဲ့ လေယာဉ် အမျိုးအစားစတဲ့ အသေးစိတ်အခြေအနေ တွေကိုတော့မသိရသေးပါဘူး။

အခုလို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်ကိုပစ်ချနိုင်ခဲ့တာကြောင့် Kia တပ်ဖွဲ့ဟာ လဝက်အတွင်း စစ် ကောင် စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တစီးနဲ့ mi-17 ရဟတ်ယာဉ်တစီးတို့ကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

အခုလဆန်းပိုင်း ဇန်နဝါရီ  ၃ရက်ကလည်း Kia ဌာနချုပ်ရှိရာလိုင်ဇာမြို့အနီးကစစ်ကောင်စီ နားဖော့ စခန်းကို ရိက္ခာ လာပို့တဲ့ Mi-17ရဟတ်ယာဉ်တစီးကို kiaကပဲ ပစ်ချနိုင်ခဲ့တာကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး လိုက်ပါလာတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးခဲ့ပါသေးတယ်။

အလားတူ Kia တပ်ဖွဲ့ဟာ ၂၀၂၁ခုနှစ် မေလအတွင်းကလည်း ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီ ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 တစီးကို ပစ်ချနိုင်ခဲ့ပါသေးတယ်။

၃။ ကမ္ဘာ့နိုင်ငံရေးမှာအစွန်းမထွက်ဖို့ NUG ယာယီသမ္မတသတိပေး

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒေသတွင်းနိုင်ငံကြီးတွေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား မူဝါဒခိုင်ခိုင် မာမာလျှောက်လှမ်းနိုင်ဖို့လိုပြီး နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံပေါ်မှာအစွန်းမထွက်ဖို့လိုကြောင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလကသတိပေးပြောဆိုပါတယ်။

NUGဟာ ဒေသတွင်း နိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲဖြစ်လို့လည်း မရသလို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ နောက်လိုက်လည်း ဖြစ်လို့ မရဘူးလို့သူကပြောပါတယ်။ လက်ရှိမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒသဘောထားတွေဟာ ပြည်တွင်းရေးအခြေအနေတွေအပေါ်လွှမ်းမိုးမှုရှိနေတာတွေ့ရတယ်လို့ လည်းဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီးလွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ၊လက်တွေ့ကျတဲ့ နိုင်ငံခြားရေး သဘောထားတွေကိုချမှတ်ထားသလို တဖက်မှာလည်း ပြည်တွင်းက လူထုရဲ့သဘောထားနဲ့မဆန့်ကျင်တဲ့ အမြင် သဘောထားတွေကို ကိုင်ဆွဲကျင့်သုံးဖို့လိုတယ်လို့လည်းသူကဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အခုလ ဇန်နဝါရီ  ၁ရက်က တရုတ်နိုင်ငံဆိုင်ရာ သ ဘောထားကိုထုတ်ပြန်ရာမှာ တရုတ်တနိုင်ငံတည်းမူဝါဒကိုဆက်လက်ထောက်ခံကျင့်သုံးမယ်လို့ ဖော်ပြခဲ့တာ ကြောင့် ထိုင်ဝမ်အရေးကိုထောက်ပြပြီး NUG ကိုဝေဖန်မှုတွေရှိခဲ့ပါတယ်။

၄။ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကျဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းရွာက စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ် ကောင်စီဘက်က အားလုံးသေဆုံးသလို ချင်းပူးပေါင်းတပ်တွေဘက်က ရှစ်ဦးကျဆုံးကာ၊လေးဆယ်နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ CDF-CDM Siyin က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၂ရက်ကစလို့ ငါးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီကနေ့ မနက် ခုနစ်နာရီခွဲမှာ စခန်းသိမ်း နိုင်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က စစ်သား ၁၂ဦးနဲ့ ရဲ ၁၈ဦးဟာ မဆုတ်တန်းခုခံခဲ့ပြီး အားလုံးသေဆုံးသွား တယ်လို့ ဆိုပါတယ်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ CDF-KKG က ဆေးမှူးတဦးအပါအဝင် လေးဦး၊CDF ဟားခါး ၊CDF ထန်တလန် CNAနဲ့ CDF -CDM Siyin တပ်ဖွဲ့ဝင်တဦးစီကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ခြောက်ကြိမ် လှည့်ပတ်ပျံသန်းပစ်ခတ်ခဲ့သလို လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ကူပေးခဲ့ပေမယ့် သိမ်းပိုက်နိုင်ခဲ့တာလို့ CDF -CDM Siyin တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုမှတ်တမ်းဓာတ်ပုံအရ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲကနေ လက် နက်မျိုးစုံ လေးဆယ်ဝန်းကျင်၊ကျည်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို ချင်းပူးပေါင်းတပ်တွေရရှိခဲ့တယ်လို့ သိရပါတယ်။

၅။ စစ်တွေလေဆိပ်ဝန်းထဲပေါက်ကွဲမှုဖြစ်လို့သေဆုံးထိခိုက်မှုရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လေဆိပ်ဝန်းထဲမှာ မနေ့ ညနေပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပြီး လေဆိပ်လုံခြုံရေး ယူနေ တဲ့ စစ်ကောင်စီတပ်သားတချို့ သေဆုံး၊ ဒဏ်ရာရသွားတယ်လို့ အနီး ဝန်းကျင် ဒေသခံတွေက DNAကိုပြော ပါတယ်။

ကျယ်လောင်တဲ့ပေါက်ကွဲသံတချက်ကြားလိုက်ရပြီးနောက် စစ်တွေလေဆိပ်ထဲကို လူနာတင်ယာဉ်တွေဝင်သွား တာတွေ့ရတယ်လို့ လေဆိပ်အနီးမှာ နေထိုင်တဲ့ မြို့ခံတဦးကပြောပါတယ်။

ဒါပေမယ့် ပေါက်ကွဲမှုဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ ဒေသခံအရပ်သားတွေ တိတိကျကျ မသိကြပါဘူး။ သ တင်းတချို့မှာတော့ ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တယ်ဆိုပြီးဖော်ပြကြတာရှိပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာထုတ်ပြန်ပြောဆိုမှုမရှိသေးတဲ့ အဲ့ဒီပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးနိုင်ပြီး ဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ စစ်တွေမြို့ခံတွေက ပြောကြပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ လေဆိပ်ဝန်းကျင်တဝိုက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမှုတွေ လုပ်နေကြ တယ်လို့ ‌ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်‌ဒေသတိုက်ပွဲတွေ စပြီးနောက်ပိုင်း စစ်တွေလေဆိပ်မှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လေယာဉ်(Y12)နဲ့ ထောက်ပို့ရဟတ်ယာဉ်တချို့ ဆင်းသက်တာတွေ ရှ်ိနေပြီး လေဆိပ်ဝန်းအတွင်း စစ်ကောင်စီတပ်သားတွေလည်း ချထားတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီတပ်ဟာ Y12 လို ထောက်ပို့လေယာဉ်တွေကို စစ်မြေပြင်နဲ့ လူနေကျေးရွာတွေမှာ ဗုံးကြဲတိုက်ခိုက်ဖို့ အသုံးပြုနေတာပါ။

 

၆။ကျိုက်မရောအကျဉ်းထောင်မှာရက်ပိုင်းအတွင်းနိုင်ကျဉ်းနှစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ မနေ့ညက နိုင်ငံရေးအကျဉ်းသားတဦး ရုတ်တရက် နေမ ကောင်းဖြစ်ပြီးသေဆုံးသွားပါတယ်။ဒါဟာ အဲ့ဒီထောင်တွင်းမှာ လေးရက်အတွင်း ဒုတိယမြောက်နိုင်ငံရေးအကျဉ်း သားတဦးသေဆုံးမှုဖြစ်ပါတယ်။

မနေ့ကသေဆုံးသွားသူဟာ အသက် သုံးဆယ်ဝန်းကျင် CDM မီးသတ်တပ်ဖွဲ့ဝင် ကိုပြည့်ဖြိုးအောင် ဖြစ်ပြီး အကြမ်း ဖက်ပုဒ်မ ၅၂(က)နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ဘားအံမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ခုနစ် နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ဆေးဝါးကုသခွင့် အလုံအလောက်မရ တာ ကြောင့် အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင် (ခ) ကိုဟာရှင် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလအတွင်းမှာ ဘားအံထောင်ကနေ ကျိုက်မရောထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ ကိုပြည့်ဖြိုး အောင်ဟာ အရင်ကတော့ ကျန်းမာရေးကောင်းမွန်သူ တဦးဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတဝှမ်းအကျဉ်းထောင်တွေမှာ ဆေးဝါးကုသမှု အလုံအလောက်မပေးတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ် အတွင်းမှာပဲ နိုင်/ကျဉ်း ၁၇ ဦးအထိ အသက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၇။ ရခိုင်နဲ့ပလက်ဝမှာ စစ်တပ်လက်ချက်နဲ့တရက်တည်းအရပ်သားခြောက်ဦးသေဆုံး

 

ရခိုင့်တပ်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ပလက်ဝတို့မှာ မနေ့က တ ရက်တည်း စစ်ကောင်စီလက်ချက်နဲ အရပ်သားခြောက်ဦးသေဆုံးသွားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ကပြော ပါတယ်။

ဒေသတခုလုံးက စစ်စခန်းတွေဌာနဆိုင်ရာတွေကို သိမ်းပိုက်ပြီး ထိန်းချုပ်နိုင်ပြီလို့ ရခိုင့်တပ်တော် AA က ကြေ ညာထားတဲ့ ပလက်ဝမှာ စစ်ကောင်စီက မနေ့က နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက် တာကြောင့် အသက်ငါးနှစ်အရွယ်စစ်ရှောင်ကလေးတဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပလက်ဝမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ ကျီးလေကျေးရွာထဲကိုလည်း ဗုံးသီးတွေကျရောက်ပေါက်ကွဲတာကြောင့် ကလေးတဦးအပါအဝင် ဒေသခံအရပ်သား သုံးဦးသေဆုံးခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်တွေ မြို့နယ် တောကန်ကျေးရွာမှာလည်း ရွာခံအမျိုးသားတဦးနဲ့အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ် ခတ်သတ်ဖြတ်သွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တွေမြို့နဲ့ ငါးမိုင်လောက်အကွာမှာ တည်ရှိတဲ့ တောကန်ရွာထဲကို စစ်ကောင်စီတပ်သားတွေကမနေ့က မနက် ပိုင်းမှာဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး လေဖြတ်ထားတဲ့ အသက်ခုနစ်ဆယ်ကျော်အရွယ်သက်ကြီး အမျိုး သားတဦးနဲ့ အမျိုးသမီးတဦးတို့ပစ်ခတ်သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တောကန်ရွာကို တလနီးပါးအတွင်း ဒုတိယအကြိမ်မြောက်မီးရှို့ခဲ့တာဖြစ်ပြီး အိမ်ခြေရှစ်ဆယ် လောက် မီးလောင်ပျက်စီးသွားတယ်လို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အလားတူ တောင်ကုတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၁ရက်ကတည်းက ဖမ်းဆီး ခေါ် ဆောင်သွားခဲ့တဲ့ ခူးတိုက်နယ်၊တပျော့ကျေးရွာဒေသခံသုံးဦးအနက် အသက်၁၉နှစ်အရွယ် အမျိုးသားတဦးဟာ မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေလက်ချက်နဲ့သေဆုံးသွား တယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ် ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။