စခန်းသိမ်းခံရပြီးနောက် ဗုံးလာကြဲတဲ့ လေယာဉ်ကို KIA ပစ်ချ

ဇန်နဝါရီ၊ ၁၆
 
ခြေလျင်တပ်ရင်း တခုလုံး သိမ်းပိုက်ခံထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ရွာဘက်ကို ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ် တိုက်လေယာဉ်တစီးကို ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို ပစ်ချနိုင်ခဲ့တဲ့အကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြည်တွင်းမီဒီယာတချို့ကို အတည်ပြုပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။
 
အခုလဆန်းပိုင်း ဇန်နဝါရီ ၃ ရက်ကလည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီ နားဖော့စခန်း ကို ရိက္ခာလာပို့တဲ့ Mi-17 ရဟတ်ယာဉ်တစီးကို KIA ကပဲ ပစ်ချနိုင်ခဲ့တာကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
 
အလားတူ KIA တပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ် မေလအတွင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 တစီးကို ပစ်ချနိုင်ခဲ့ပါသေးတယ်။
 
လက်ရှိ တအာင်းတပ်မတော် (TNLA)က အဓိကထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ မိုင်သုံးဆယ်ခန့်အကွာ နမ့်ဖတ်ကာရွာ အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ) ၁၂၃ ကို KIA က ဒီဇင်ဘာ ၂၉ ရက်မှာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်၊ မနေ့ညကလည်း နမ့်ဖတ်ကာဘက်မှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လားရှိုး-မူဆယ် ကားလမ်းမပေါ်မှာရှိတဲ့ နမ့်ဖတ်ကာ ရွာတဝိုက် တိုက်ပွဲတွေကြောင့် ရွာခံတွေကတော့ ပြီးခဲ့တဲ့လတွေကတည်းက တိမ်းရှောင်နေကြရပြီး အခုထိ အိမ်မပြန်နိုင်ကြသေးပါဘူး။
 
” တိုက်ပွဲတွေဖြစ်နေတော့ လေယာဉ်တွေ ဘာတွေနဲ့ဆိုတော့ ဘယ်သူ့မှ မပြန်ရဲကြဘူး။ အကုန်လုံးပြေးနေကြတာ ” လို့ နမ့်ဖတ်ကာ ရွာခံ စစ်ရှောင်အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမယ့် KIA နဲ့တော့ တိုက်ပွဲတွေ ဆက်ရှိနေတာပဲ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ မီဒီယာ