စကခ (၁၆) အခြေစိုက်တဲ့ သိန္နီမြို့သိမ်းတိုက်ပွဲမှာ PLA တပ်ဖွဲ့ဝင် ဆယ့်နှစ်ဦး ကျဆုံး

ဇန်နဝါရီ၊ ၁၆
 
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ဆယ့်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က ဇန်နဝါရီ ၁၅ ရက်၊ မနေ့က သတင်းထုတ်ပြန်ပါတယ်။
 
ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ PLA အမှတ် ၉ စစ်ဒေသရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြပြီး သူတို့ကို “သိန္နီတိုက်ပွဲအာဇာနည်” တွေအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။
 
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တခြားမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး သိန္နီဒေသတဝိုက် ပါဝင်တိုက်ခိုက်ခဲ့ကြတာပါ။
 
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၆ အခြေစိုက်ရာ သိန္နီမြို့နဲ့ အနီးတဝိုက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ကတည်းက ညီနောင်မဟာမိတ် သုံးဖွဲ့၊ PLA အပါအဝင် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။
 
အဲဒီနောက် ရက်ပေါင်း ခုနစ်ဆယ်ကျော်အကြာ ဇန်နဝါရီ ၇ ရက်နေ့မှာတော့ စကခ ၁၆ ဧရိယာတခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုး-မူဆယ် လမ်းမပေါ်က သိန္နီမြို့ကို ပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
 
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးမြို့နဲ့ မိုင်သုံးဆယ်လောက်သာဝေးတဲ့ သိန္နီမြို့မှာ စကခ ၁၆ အပြင် စစ်ကောင်စီ ခြေလျင်တပ်ရင်း သုံးရင်း၊ ဆက်သွယ်ရေးတပ်နဲ့ ဆေးတပ်တို့လည်း အခြေစိုက်ပါတယ်။
 
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါတဲ့ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား၊ ဟောင်ဝစ်ဇာအမြောက်တွေနဲ့ လက်နက်ဂိုဒေါင်တွေကိုပါ ပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
 
သိန္နီတိုက်ပွဲ ရက်ပေါင်း ခုနစ်ဆယ်ကျော်အတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ မရေမတွက်နိုင်အောင်ရှိခဲ့ပြီး သံချပ်ကာကား၊ လက်နက်ကြီး၊ ပွိုင့်ဖိုက်(.၅) စတဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကလည်း တရစပ်ရှိခဲ့တယ်လို့ PLA ဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။
 
ဒါ့အပြင် ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို ကိုင်ဆွဲပြီး ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးကို အဆုံးထိဆင်နွှဲသွားမယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – PLA