လောက်ကိုင်မှာ နေရပ်ပြန်ကြမယ့် ကားတစီးပေါ် လက်နက်ကြီးကျလို့ သေဆုံးသူများ

နိုဝင်ဘာ ၂၂
 
မြန်မာ-တရုတ် နယ်စပ်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်၊ မနက် ၉ နာရီလောက်က နေရပ်ပြန်မယ့်သူတွေ လိုက်ပါလာတဲ့ ကားတစီးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကားပေါ်ပါလာတဲ့လူတွေ အကုန်လုံး သေဆုံးသွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
” ပြန်ဖို့ဆိုပြီး ထွက်ကြတဲ့ ကားတန်းပေါ်ကို စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျပြီး လူတွေ သေသွားတယ်။ တုံချိန်ဘက်ဆိုတော့ မြို့ထဲကို ကျတာလို့ ပြောလို့ရတယ် ” လို့ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
ရုပ်သံဗွီဒီယို တခုမှာတော့ လက်နက်ကြီးကျလို့ တစီးလုံး ကြေမွပျက်စီးနေတဲ့ လိုက်ထရပ်ကားတစီးနဲ့ ကားပေါ်ပါလာသူတွေရဲ့ ရုပ်အလောင်းတွေ ပြန့်ကျဲနေတာကို တွေ့ရပြီး သေဆုံးသူ အနည်းဆုံး ဆယ်ဦးဝန်းကျင် ရှိနိုင်ပေမယ့် အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။
 
” လက်နက်ကြီး ကျတာတော့ ကားကတော့ ပြားကပ်နေရောပဲ။ ကလေးတယောက် ပါတယ်ကြားတယ်။ ဆေးရုံလည်း ပို့မရဘူး။ ဘယ်သူက စဖွလဲ မသိဘူး လမ်းဖွင့်တယ်ဆိုပြီး၊ ပြန်လို့က မရသေးဘူး” လို့လည်း လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
မြို့ခံတချို့ကတော့ အခုလို လက်နက်ကြီး ပစ်ခတ်တာကို စစ်ကောင်စီတပ်က ပစ်ခတ်တယ်လို့ ဆိုပါတယ်။
 
ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကလည်း အဲဒီပစ်ခတ်မှုဟာ လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ပစ်ခတ်တာလို့ Khit Thit မီဒီယာကို ဖြေကြားထားတာလည်း ရှိပါတယ်။
 
အဲဒီပြောဆိုချက်တွေနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒါ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ အဲဒီ တုံချိန်ရပ်ကွက်ဘက်မှာ မနက် ၁၁ နာရီခွဲလောက်အထိ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့လည်း သိရပါတယ်။
 
” သေနတ်သံ ကြားနေရတုန်း၊ အရင်နေ့ထက်နီးတယ်၊ အဲနားတဝိုက်တော့ လူတွေ ပြေးနေရ၊ ကျမတောင် အထုပ် ထုပ်နေတာ ” လို့လည်း အထက်ပါ တုံချိန်ရပ်ကွက်နေ အမျိုးသမီးက ပြောပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်ကတော့ ပိတ်ဆို့ထားတာ ရက်ပေါင်း နှစ်ဆယ်ကျော်ရှိလာတဲ့ လောက်ကိုင်ကို ဝင်တိုက်မယ်လို့ အခုလ ၁၄ ရက်က ထုတ်ပြန်ထားပြီး ၁၈ ရက်မှာလည်း အရပ်သားတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းတွေနဲ့ အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးမှာ နေကြဖို့ ထုတ်ပြန်အသိပေးထားပါသေးတယ်။
 
လောက်ကိုင်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေကတော့ မြို့အနီးတိုက်ပွဲတွေ စဖြစ်ချိန်ကတည်း မြို့ကနေ ထွက်ခွာဖို့ ကြိုးပမ်းနေကြပေမယ့် လမ်းတွေ ပိတ်ထားသေးတာကြောင့် အခုအချိန်ထိ မြို့ထဲပိတ်မိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီလို မြို့ထဲပိတ်မိနေသူတွေဟာ ကုန်စျေးနှုန်းတွေ အဆမတန်စျေးကြီးတာ၊ ဆန် ဝယ်မရတာ၊ နေစရာအခက်အခဲ ကြုံရတာတွေအပြင် မိသားစုနဲ့ လုံးဝအဆက်အသွယ်မရဘဲ ဖြစ်နေသူတချို့လည်း ရှိကြပါတယ်။
 
ဓာတ်ပုံ – Social Media