စစ်ကြောင်းထိုးခံနေရတဲ့ ရေစကြိုရေလယ်ကျွန်းဒေသမှာ အမျိုးသမီးတဦး လက်နက်ကြီးကျည်ထိမှန်သေဆုံး

မေ၊ ၂၆

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ပစ် ခတ်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် အမျိုးသမီးတဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သ လိုကလေးငယ် တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေစကြို ပြည်သူကာကွယ်ရေး အဖွဲ့ တာဝန်ခံ ကိုဝေကြီးက DNA ကိုပြောပါတယ်။

” သူတို့က ကမ်းအတက်ကို မိဖုရားရွာကို လက်နက်ကြီးနဲ့ထုတယ်၊ အဲဒါ့ကြောင့် အမျိုးသမီးတယောက် စောနကဆုံးသွားတယ်၊စစ်ကြောင်းအခု သုံးကြောင်းရှိတယ်၊ မြင်းခြံဘက်က လာတဲ့စစ်ကြောင်းရယ် ပေါက်တောနဲ့ ချစ်သူရွာဘက်က တကြောင်းစီလာတာပါ၊ ရေလယ်ကျွန်းထဲကိုတော့ အခုသူတို့ဝင်သွားပြီးဗျ၊သုံးကြောင်း ညှပ်ဝင်တာပေါ့။ တိုက်ပွဲတွေ မဖြစ်သေးဘူး အခုမှဝင်နေတုန်းရှိသေးတာပေါ့ ” လို့ သူကပြောပါတယ်။

စစ်ကြောင်းထိုးဝင်လာချိန်မှာ စစ်အုပ်စုဘက်ကပစ်ခတ်တဲ့ လက်နက်ကြီး ကြောင့် ရေလယ်ကျွန်း ဒေ သ မိဖုရားကျေးရွာက ကလေး  နှစ်ယောက် မိခင်တ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သလို မဲကုန်း ရွာ က ကလေးငယ်တဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကနဦးသိရပါတယ်။

ရေလယ်ကျွန်းဒေသမှာ ကျေးရွာပေါင်း ၄၂ ရွာရှိတဲ့အနက် ရွာပေါင်း ၂၀ ကျော်လောက်က ဒေသခံ ရာနဲ့ချီတဲ့ ပြည်သူတွေ စစ်ကြောင်းနဲ့ ဝေးရာကို ထွက်ပြေးနေရသလို စစ်ကြောင်း သုံးကြောင်းအလယ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

” စစ်ကြောင်း သုံးခုကြားထဲကိုရောက်နေတာကရွာပေါင်းနှစ်ဆယ်လောက်ရှိတယ်တချို့ကထွက်ပြေးတိမ်ရှောင်နိုင်တာတွေရှိသလို တချို့တဝက်လည်း ပိတ်မိနေသေးတယ်၊ရွာတွေအခြေအနေကိုတော့ အဝေးကပဲလှမ်းကြည့်နေရသေးတယ်” လို့ ဒေသခံ တဦးကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက မင်းရွာ၊ ပေါက်တော၊ မဲကုန်းကျွန်း၊ မိဖုရားကျွန်း၊ သမန္တပို့နှင့် လေးအိမ်တန်း စတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။