ပစ်ချခံရတဲ့ စစ်ကောင်စီတိုက်လေယာဉ်က လေသူရဲတဦး ဖမ်းဆီးရမိ

နိုဝင်ဘာ၊ ၂၀
 
ကယား (ကရင်နီ)ဒေသမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့တဲ့ တိုက်လေယာဉ်ပေါ်ကနေ ခုန်ချလွတ်မြောက်သွားတဲ့ လေယာဉ်မှူးနှစ်ဦးအနက် တဦးကို နိုဝင်ဘာလ ၁၉ ရက် မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းအမြစ်တွေထံမှ သိရပါတယ်။
 
“ ဖမ်းတာတော့ ကျွန်တော်တို့အဖွဲ့တွေ ဖမ်းတာမဟုတ်ဘူး။ တပ်ပေါင်းစုဘက်က ဖမ်းတာပါ။ သေချာပါတယ် ” လို့ အမည်မဖော်လိုတဲ့ ကရင်နီ စစ်ရေးသတင်းအရင်းအမြစ်တဦးက DNA ကို ပြောပါတယ်။
 
ကရင်တော်လှန်ရေးပူးပေါင်းအင်အားစုတွေက စစ်ကောင်စီတိုက်လေယာဉ်ကို ဒီလ ၁၁ ရက်က ပစ်ချခဲ့ပြီး ကိုးရက်အကြာမှာ ကရင်နီဒေသ ဒီမောဆို့အနောက်ဘက်ခြမ်းမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးရမိတဲ့ တိုက်လေယာဉ်မှူးဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၄) သင်တန်းဆင်း ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ပြီး ကျန်တွဲဖက်လေယာဉ်မှူးဖြစ်တဲ့ ဗိုလ်အဆင့်ရှိ ဇာနည်မောင်ကို ဆက်လက်ရှာဖွေနေတယ်လို့ Myanmar Now သတင်းဌာနကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုထားပါတယ်။
 
လက်ရှိ ဖမ်းဆီးရမိထားတဲ့ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
ကယား (ကရင်နီ)ဒေသမှာ “၁၁၁၁” စစ်ဆင်ရေးစတင်ခဲ့တဲ့ ပထမဆုံးရက် နိုဝင်ဘာလ ၁၁ ရက်မှာပဲ ပူးပေါင်းတပ်ဘက်က ဖရူဆိုမြို့နယ်တနေရာမှာ စစ်ကောင်စီတိုက်လေယာဉ်တစီးကို လေယာဉ်ပစ် စက်သေနတ်ပွိုင့်ဖိုက် (.5)နဲ့ ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးနှစ်ဦးက အရေးပေါ်လေထီးတွေနဲ့ ခုန်ထွက်နိုင်ခဲ့တာပါ။
 
ကရင်နီပူးပေါင်းတပ်တွေ ပစ်ချခဲ့တဲ့ တိုက်လေယာဉ်အပျက်အစီးကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကမာဒီပိုလီနဲ့ မရောပိုလီရွာကြား တောင်ယာတဲအနီးမှာ တွေ့ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုဝင်ဘာလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဖရူဆိုမြို့နယ်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်က ပစ်ချခံရတာ မဟုတ်ဘဲ လေ့ကျင့်ချိန်မှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်လို့ လေထီးနဲ့ အရေးပေါ်ခုန်ထွက်နိုင်ခဲ့တဲ့ လေယာဉ်မှူးနှစ်ဦးနဲ့လည်း အဆက်အသွယ်ရပြီးလို့ အဲဒီတုန်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
 
ဓာတ်ပုံ – NPT PDF