ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပထမဆုံး ပြည်ပ ခရီးစဉ်မှာ ယူကရိန်းကို သွားရောက်ခဲ့တဲ့ ကင်မရွန်

နိုဝင်ဘာ၊ ၁၇

နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူပြီး ပထမဆုံး ပြည်ပ ခရီးစဉ်မှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်ဟာ ယူကရိန်း နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာ ဇီလန်စကီးဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ကိယက်ဗ်မြို့မှာ တွေ့ဆုံခဲ့ပြီး ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် ဗြိတိန်က အစွမ်းကုန် ဆက်လက် ထောက်ပံ့ ကူညီနေမယ်လို့ ကတိပြုခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ သူ့ရဲ့ အစိုးရ အဖွဲ့ကို ကြီးကြီးမားမား ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးနဲ့ ၇ နှစ်လောက် ကင်းကွာနေတဲ့ ကင်မရွန်ကို အရေးပါတဲ့ ဝန်ကြီးနေရာအတွက် ရွေးချယ်ခဲ့တာကြောင့် အားလုံး အံ့ဩခဲ့ကြပါတယ်။

ဇီလန်စကီးက ကင်မရွန်ကို နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ ဗြိတိန်ရဲ့ ထောက်ပံ့ အားပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

လက်ရှိ ကမ္ဘာအနှံ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကာလမျိုးမှာ နိုင်ငံတကာက ယူကရိန်း စစ်ပွဲအပေါ် အာရုံစိုက်မှု လျော့ကျမသွားဖို့ အရမ်းအရေးကြီးတယ်လို့ ကင်မရွန်နဲ့ တွေ့ဆုံချိန်မှာ ဇီလန်စကီးက မှတ်ချက် ပေးခဲ့ပါတယ်။

ကင်မရွန်နဲ့ ဇီလန်စကီးတို့ဟာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်ရေး၊ မြေထဲပင်လယ် လုံခြုံရေးစတဲ့ အရေးကိစ္စတွေကို အလေးအနက် ဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကင်မရွန်ဟာ ယူကရိန်းမှာ နာရီပိုင်းလောက် နေထိုင်ပြီး ညနေပိုင်းမှာ ပြန်လည် ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့နောက်ပိုင်း ယူကရိန်းအတွက် စတာလင်ပေါင် ဘီလီယံနဲ့ချီ များပြားတဲ့ လက်နက်နဲ့ ငွေကြေး အထောက်အပံ့တွေ ပေးပို့ ကူညီထားပြီး ဖြစ်ပါတယ်။

 

Ref: BBC