နိုဝင်ဘာ၊ ၁၆
ရခိုင်ပြည်နယ် မြို့တော် စစ်တွေအနီးရှိ ပေါက်တောမြို့ကို ရခိုင့်တပ်တော်(AA)က သိမ်းပိုက် ထိန်းချုပ်ထား လိုက် ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်နှစ်စီး မြို့ထဲ ဗုံးကြဲပစ်ခတ်လို့ နေအိမ်တချို့ ပျက်စီးသွား တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
AA တပ်ဖွဲ့ဟာ ပေါက်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ မဟုတ်ဘဲ မနေ့က နိုဝင်ဘာ ၁၅ ရက် ညကတည်းက ပေါက်တောမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ထားတာလို့ ပေါက်တောမြို့ခံတွေကပြောပါတယ်။
“ညကတည်းက ရဲတွေအများစု AA ဆီအလင်းဝင်တယ်၊ကျန်တဲ့ရဲတွေကလည်း နောက်တသုပ်ထပ် အလင်းဝင် တယ်၊မြို့ကိုတော့ AA အကုန်ထိန်းချုပ်ထားပြီ၊အထိအခိုက်မရှိဘဲ ထိန်းချုပ်လိုက်တာပေါ့”လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။
ပေါက်တောမြို့ဟာ ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့အနေနဲ့ ပထမဆုံးသိမ်းပိုက်ရရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။ ပေါက်တာမြို့ပေါ်နဲ့ မြို့အနီးတဝိုက်မှာ ရဲစခန်းကလွဲလို့ စစ်ကောင်စီအထိုင်တပ်တွေမရှိဘဲ ကုန်းလမ်းအတိုင်း လာလို့ရတဲ့ တပ်စခန်းတွေဟာ မိုင်နှစ်ဆယ်ကျော်လောက်ဝေးတဲ့ မင်းပြားမြို့မှာပဲရှိတယ်လို့ မြို့ခံတဦး က ပြောပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးရုံးစိုက်ရာ စစ်တွေမြို့ကနေဆိုရင်တော့ ပေါက်တောမြို့ဘက်ကို စစ်ရေယာဉ်တွေနဲ့ လာရောက်နိုင်တာကြောင့် ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေရှိလာမှာကိုလည်း မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
အဲ့ဒီလို့ မြို့သိမ်းပိုက်ခံရပြီးတဲ့နောက် ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက် ဆယ်နာရီလောက်မှာ စစ်ကောင်စီ ရ ဟတ်ယာဉ်နှစ်စီးရောက်လာပြီး မြို့တွင်းထဲ ဗုံးတချို့ ကြဲချခဲ့သလို စက်သေနတ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ် ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
“မြို့ထဲမှာ ဗုံးလေးလုံးကျတယ်၊စက်သေနတ်နဲ့လည်း အချက်နှစ်ဆယ်လောက် ပစ်တယ်၊ပြေးသူပြေး၊ ဝပ်သူ ဝပ်နဲ့”လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်နှစ်စီးဟာ ပေါက်တောမြို့ပေါ်မှာ ဆယ်မိနစ်လောက် ဝဲပျံ ပစ်ခတ်နေခဲ့ပြီး လှည့် ပြန်သွားကာ လက်နက်ကြီးနဲ့ ကျည်ထိမှန်လို့ မြို့တွင်းက နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုတော့ တည်တည်ငြိမ်ငြိမ်ပါပဲ၊ ရဟတ်ယာဉ် ထပ်လာမလားတော့မသိဘူး၊ ဒီကောင်တွေက မြို့သိမ်းခံရတော့ ရမ်းပစ်နေခဲ့တာ၊အရပ်သားအိမ်တွေပဲ ထိတယ်”လို့ ပေါက်တောမြို့ခံက ပြောပါတယ်။
AA ဟာ ပေါက်တောမြို့မရဲစခန်းနဲ့ နယ်မြေရဲစခန်းတွေက ရဲတွေကို လက်နက်ချ၊ အညံ့ခံကြဖို့ ကြိုတင်သ တိပေးခဲ့ပြီးနောက် မနေ့ကတရက်တည်းအတွင်း ရဲတွေအကုန်လုံး လက်နက်ချအညံ့လာခဲ့ကြတာလို့ နီးစပ်သူတွေက ပြောကြပါတယ်။
အဲဒီလို ရဲတပ်ဖွဲ့ဝင်တွေ AA တပ်ဖွဲ့ဆီ ဆက်သွယ်မပူးပေါင်းမီ နာရီပိုင်းအလို နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ရေယာဉ်သုံးစီး ပေါက်တောမြို့ကို ရောက်လာပြီး စီးပွားရေးဘဏ်က ငွေတွေနဲ့ စာရွက်၊ စာ တမ်းတွေကို ယူသွားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဒီကောင်တွေ မလုံခြုံတော့ဘူးဆိုတာသိနေလို့ ပိုက်ဆံတွေ လာသိမ်းသွားတာထင်တယ်၊ပိုက်ဆံသေတ္တာတွေ ယူသွားတယ်၊ဒီလ ဝန်ထမ်းတွေတောင် လစာရပါ့မလားမသိဘူး၊မြို့မှာ အစိုးရပိုက်ဆံတွေ မရှိတော့ဘူး”လို့ ဒေသခံဝန်ထမ်းတဦးက ပြောပါတယ်။
လက်ရှိမြို့သိမ်းခံရပြီးနောက် စစ်ကောင်တပ်ရဲ့ ပစ်ခတ်မှုတွေ ဆက်ရှိလာမှာစိုးရိမ်တာကြောင့် မြို့တွင်းနဲ့ အနီးတဝိုက် ပြည်သူတွေဟာ ဘေးလွှတ်ရာ တိမ်းရှောင်ကြတာတွေလည်း ရှိနေပါတယ်။
ပေါက်တောမြို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေမြို့နဲ့ မင်းပြားမြို့တို့ကြားမှာ တည်ရှိတဲ့ မြို့တခု ဖြစ်ပါတယ်။
ရခိုင့်တပ်တော် AA တပ်ဖွဲ့က နိုဝင်ဘာ ၁၃ရက်မှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို စတင် တိုက်ခိုက်ခဲ့ပြီးနောက် လေးရက်အတွင်း ပေါက်တောမြို့နယ်အတွင်းက ရဲတပ်ဖွဲ့ဝင်တွေအပြင် ကျောက် တော်မြို့နယ် အပေါက်၀နယ်မြေရဲစခန်းက ရဲအားလုံး၊ ကျောက်တော်မြို့မရဲစခန်းက ရဲတချို့နဲ့ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းက ရဲတချို့ဟာလည်း AA တပ်ဖွဲ့ဆီ လက်နက်ချထားကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်မြို့နယ်အများစုမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တပ်စခန်းနဲ့ နယ်မြေရဲစခန်းတွေဟာလည်း သူတို့ရဲ့ စခန်းတွေကို ရုပ်သိမ်း၊ စွန့်ခွာထားကြတာတွေ့ရပြီး စခန်းပေါင်း တရာဝန်းကျင်ရှိနိုင်တယ်လို့ AA အပါအဝင် နီးစပ်သူတွေက ပြောထားကြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီလိုဆုတ်ခွာတာဟာ အင်အားနည်းတဲ့ အထိုင်စခန်းတွေ ကို စွန့်ခွာပြီး ပြန်လည်ပေါင်းစည်းဖို့ စစ်နည်းဗျူဟာအရ ဆောင်ရွက်တာလို့ ဆိုထားပါတယ်။
Photo – CJ