အစ္စရေးကို အကြမ်းဖက် နိုင်ငံတခုလို့ တူရကီ သမ္မတ စွပ်စွဲ

နိုဝင်ဘာ၊ ၁၆

အစ္စရေးဟာ အကြမ်းဖက် နိုင်ငံတခု ဖြစ်တယ်လို့ တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်က အပြင်းအထန် စွပ်စွဲ ပြောကြားလိုက်ပါတယ်။

 ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများအပြား အပါအဝင် လူပေါင်း သောင်းနဲ့ချီ သေဆုံးစေခဲ့တာနဲ့ ပတ်သက်ပြီး အာဒိုဝမ်က အခုလို ရှုတ်ချ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ ဟားမားစ် ပြောက်ကျားတွေကို ထိုးစစ်ဆင်တယ်လို့ အကြောင်းပြထားပေမယ့် လက်တွေ့အားဖြင့် ဂါဇာမှာ လူ့သမိုင်းတလျှောက် အကြီးမားဆုံး ကျင့်ဝတ်ချိုးဖောက်တဲ့ တိုက်ခိုက်မှုတွေကို ကျူးလွန်နေတာသာ ဖြစ်တယ်လို့လည်း အာဒိုဝမ်က ပြောပါတယ်။

သူက အစ္စရေး ခေါင်းဆောင်တွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ စွဲချက်တင် ခံရသင့်တယ်လို့ ဝေဖန်ခဲ့သလို အစ္စရေးဖက်က ထောက်ခံ ရပ်တည်နေတဲ့ အနောက်နိုင်ငံတွေကိုလည်း သူက အပြစ်တင်သွားခဲ့ပါတယ်။

သူဟာ တူရကီဟာ ဟားမားစ်တွေကို အစ္စရေး စွပ်စွဲသလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် မသတ်မှတ်ဘဲ ၂၀၀၆ ခုနှစ်က ဂါဇာမှာ ပြုလုပ်တဲ့ ပါလက်စတိုင်း ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် အနိုင်ရခဲ့တဲ့ နိုင်ငံရေး ပါတီ တခုအနေနဲ့သာ သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

သူ့သဘောကို အတိအလင်း ပြောရရင်တော့ အစ္စရေးဟာ အကြမ်းဖက်နိုင်ငံ တခုသာ ဖြစ်တယ်လို့ အာဒိုဝမ်က တူရကီ လွှတ်တော်မှာ ပြောကြားသွားပါတယ်။ အစ္စရေးအပေါ် ဘယ်လိုပဲ ကျိန်ဆဲနေပါစေ၊ အစ္စရေးက အဲဒီလို ဆိုးယုတ်မှုတွေ ကျူးလွန်နေတာကို တရားဝင်သယောင် ထောက်ခံ ရပ်တည်ပေးနေသူတွေ နောက်ကွယ်မှာ ရှိနေတယ် ဆိုတာကိုလည်း မမေ့ဖို့ လိုတယ်လို့ အာဒိုဝမ်က ဆိုပါတယ်။

သူက လောလောဆယ် ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု အခြေအနေ တခုနဲ့ ကြုံတွေ့နေရပြီလို့လည်း ပြောပါတယ်။ နောက်ပြီး အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူဟာ မကြာခင် အဲဒီရာထူးကနေ လွင့်စဉ်ထွက်သွားတော့မယ်လို့လည်း အာဒိုဝမ်က ဟောကိန်းထုတ်သွားပါတယ်။

ဟားမားစ်တွေက နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို တိုက်ခိုက်ခဲ့ရာက အောက်တိုဘာ ၇ ရက်မှာ စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အစ္စရေးက ဂါဇာမှာ စစ်ဆင်ရေးတွေ အပြင်းအထန် တုံ့ပြန် ဆင်နွှဲခဲ့တဲ့နောက် ပါလက်စတိုင်း ၁၁၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။