ပေါင်းတည်မှာ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံတချို့ကိုဖမ်းဆီးစစ်ဆေးနေ

နိုဝင်ဘာ၊ ၁၃

ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့နယ်မှာကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မနေ့က မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ပေါင်းတည်မြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။

“(မိုင်း)ဆွဲပြီးတော့ သူတို့ဘက်ကဒဏ်ရာရတာရှိတယ်၊မနေ့ကတည်းက ဒေသခံတွေကို ခေါ်ယူစစ်ဆေးနေတယ် လို့ အဲ့ဒီကဒေသခံတွေ ကျွန်တော်တို့ကို သတင်းလှမ်းပို့တာ” လို့ သူကပြောပါတယ်။

ဆိုင်ကယ်လေးစီး အင်အား ခုနှစ်ဦး  နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေကပေါင်းတည်မြို့မြောက်ဘက်ငါးမိုင်ကျော်အကွာက ခေမံရွာနဲ့ စမ်းရင်ကုန်း ရွာကြားမှာမိုင်းဆွဲတိုက်ခိုက်တာကြောင့်ဒုတပ်ကြပ် စစ်သားတဦး၊အုပ်ချုပ်ရေးမှူးတဦးနဲ့ ပျူစောထီးတဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ဒဏ်ရာရသူတွေကို စစ်ကောင်စီက Light Truck ကားနဲ့ ပေါင်းတည်မြို့ ဘက်ပြန်သယ်သွားတာကိုအတည်ပြုနိုင်ပြီး သေဆုံးမှုရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်ဘူးလို့ PPDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အဲဒီလို စစ်ကောင်စီ တပ်သားတွေ တိုက်ခိုက်ခံရပြီး နောက် စစ်ကောင်စီက ခေမံရွာနဲ့ စမ်းရင်ကုန်းရွာလမ်းပိုင်းတွေကို ပိတ်ဆို့ပြီး ဒေသခံတချို့ကိုဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေပြီး ဖမ်းဆီးခံရသူအ ရေအတွက်ကိုတော့ အသေးစိတ်မသိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မနေ့ကမိုင်းဆွဲတိုက်ခိုက်မှုမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂ နဲ့ တပ်ခွဲ တို့ ပူးပေါင်းပါဝင်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ပေါင်းတည်မြို့နယ်  ပဲခူးရိုးမ အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ က သစ်ပုတ်အုပ်စု မရိုးကျွန်းရွာနဲ့ သရက်စမ်းရွာကြားမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ-ပဲခူးတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တချို့