စစ်တွေမြို့မှာ ညမထွက်ရအမိန့်ထုတ်လိုက်ပြီး သံချပ်ကာကားတွေကင်းလှည့်နေ၊ရခိုင်တပြည်နယ်လုံးနီးပါး လမ်းတွေလည်းပိတ်ထား

နိုဝင်ဘာ၊ ၁၃

ရခိုင်က တပ်စခန်းတချို့ ဒီကနေ့မနက်ပိုင်းကတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အစိုးရရုံးစိုက်ရာ စစ်တွေ မြို့တွင်းမှာစစ်ကောင်စီက သံချပ်ကာကားတွေနဲ့ကင်းလှည့်နေသလို မြို့ခံတွေကိုလည်း ညကိုးနာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။

“လူတွေကို လိုက်ခြောက်လှန့်နေသလိုပဲ၊တိုက်ပွဲဖြစ်တာက တနေရာမှာ သံချပ်ကာ သွားနေတာက မြို့ထဲမှာ၊ ရယ်တော့ရယ်ရတယ်”လို့ စစ်တွေမြို့ခံတဦးက DNA ကို ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ဒီနေ့မနက်အစောပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်အတွင်းက ရဲကင်းစခန်းနှစ်ခုနဲ့ ကျောက်တော်မြို့နယ်အတွင်းက နယ်မြေရဲစခန်းတခု သိမ်းပိုက်ခံခဲ့ ရပြီးနောက် စစ်ကောင်စီကအခုလိုတုံ့ပြန်မှုတွေလုပ်လာတာပါ။  

စစ်ကောင်စီရဲ့ စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ နေ့လယ်င်းမှာ အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး ညမထွက်ရအမိန့်ထုတ်ဖို့ ညွန်ကြားခဲ့တာလို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတဦးက ပြောပါတယ်။

ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ စစ်ကောင်စီရဲ့အမိန့်စာအရ ညကိုးနာရီနောက်ပိုင်း အပြင်မထွက်ဖို့နဲ့ စားသောက်ဆိုင်၊ လမ်းဘေးစျေးဆိုင်တွေအနေနဲ့လည်း ရှစ်နာရီခွဲ အပြီးပိတ်သိမ်းဖို့ဖော်ပြထားပြီး လိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူမယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်တွေမြို့တွင်း ညမထွက်ရအမိန့်ထုတ်ထားသလို စစ်တွေမြို့နဲ့တခြားမြို့နယ်တွေဆက်သွယ်ထားတဲ့ ရေလမ်းကြောင်း ဆိပ်ကမ်းတွေနဲ့ ကားလမ်းဝင်ပေါက် တွေအားလုံးကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေ၊ ကားသမားတွေနဲ့ ရေကြောင်းခရီးစဉ် ပြေးဆွဲသူတွေက ပြောကြပါတယ်။ 

“သူတိုစခန်းတွေ ဝင်တိုက်ခံရတော့ စိုးရိမ်လွန်နေတယ်ပြောရမှာပေ့ါ၊စစ်တွေကနေ ရေလမ်းခရီးရော၊ ကုန်း လမ်းခရီးကော တခုမှ သွားလို့မရတော့ဘူး၊အကုန်ပိတ်လိုက်ပြီ၊စစ်တွေကို လာလို့လည်းမရ၊ စစ်တွေက ထွက်လို့လည်း မရဘူး”လို့ စစ်တွေမှာ ပိတ်မိနေတဲ့ မောင်တောဒေသခံအမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

ရန်ကုန် – စစ်တွေ ပြည်ထောင်စုကားလမ်းမတလျှောက် စစ်တွေကနေ အမ်းမြို့အထိ စစ်ဆေးရေးဂိတ်တွေနဲ့ စစ်တွေကနေ မောင်တောဘက် သွားတဲ့ အငူမော် – မောင်တောကားလမ်းတို့အပါအဝင် ရခိုင်ပြည်တွင်း မြို့ချင်းဆက်လမ်းတွေကို ပိတ်ထားတာဖြစ်ပြီး လမ်းတလျှောက် ပိတ်မိနေတဲ့ ကားတွေလည်း  အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ပြည်မဘက် မကွေးတိုင်းကနေအဝင် အမ်းဂိတ်၊ ပဲသဒုံဂိတ်ကနေ စပြီးပိတ်ထားတာ၊ကုန်ကားတွေရော၊ ခရီးသည်တင် ကားတွေရော အကုန် လမ်းမှာ ပိတ်နေတယ်”လို့ အမ်းဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်းဘက်နေ ရခိုင်ပြည်နယ်ဘက်အဝင် ဂွ – သံတွဲလမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကိုလည်း ပိတ်ထားတယ်လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။ အလားတူ စစ်တွေကနေ ရခိုင်ပြည်အနှံ့ ပြေးဆွဲနေတဲ့ ရွှေပြည်တန်အမြန်ယာဉ်ကိုလည်း ရန်အကန့်အသတ်မရှိပိတ်ထားဖို့ အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။

“ဘယ်နေ့ထိ ပိတ်မယ်ဆိုတာလည်း မပြောသေးဘူး၊ကျွန်တော်တို့ဆီမှာ လာစစ်ဆေးနေတဲ့အဖွဲ့တွေက အကြောင်းကြားတာပါ”လို့ ရခိုင်ပြည်တွင်း ရေကြောင်းခရီးစဉ်တွေကို ပြေးဆွဲနေတဲ့ တခုတည်းသော အမြန်ရေယာဉ်လိုင်းဖြစ်တဲ့ ရွှေပြည်တန် ယာဉ်လိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ AA ဟာ ဒီနေ့မနက်ပိုင်းမှာ ရခိုင်ပြည်တွင်းက စစ်ကောင်စီတပ်စခန်းတွေကိုပါ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

အဲဒီတိုက်ပွဲတွေအတွင်း အငူမော် – မောင်တောကားလမ်းပေါ်ရှိတဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလီ၊ ဒုံးပိုက် နယ်ခြားစောင့်ရဲစခန်းနဲ့ ကျောက်တော်မြိုု့နယ် အပေါက်၀နယ်မြေရဲစခန်းတို့ကို AA က သိမ်းပိုက်ရရှိခဲ့ပြီး မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း တခုကို ဖြတ်တိုက်ရာမှာလည်း တပ်အရာရှိအချို့နဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ နီးစပ်သူတွေက ပြောထားကြပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောကွေ့ရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ AA တို့ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက် မောင်တော၊ ကျောက်ဖြူ၊ ပုဏ္ဏာကျွန်းမြို့နယ်တို့အတွင်းက စစ်ကောင်စီစခန်းတချို့ ပြန်ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။

“ရွှေရင်အေးစခန်းတခုလုံး ရုပ်ပြီး ပြန်သွားကြတယ်ပြောတယ်၊အကုန်သိမ်းပြီး ပြန်တာပေ့ါ၊အတိုက်ခံရမှာ ကြောက်လို့ ပြန်တာလား၊ တပ်ရင်းတွေက ခေါ်လို့ ရွေ့တာလားတော့ မသိရဘူး၊သေချာတာကတော့ စခန်းမှာ ဘယ်သူ့မှ မကျန်တော့ဘူး”လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

ပုံစာ- စစ်တွေမြို့မေယုလမ်းပေါ်မှာ ဒီကနေ့ညနေပိုင်းကတွေ့ရတဲ့ စစ်ကောင်စီသံချပ်ကာတစီး