ကွမ်းလုံကို ကိုးကန့်တပ် သိမ်းပိုက်၊ တင့်ကားသုံးစီးအပါအဝင် လက်နက်ခဲယမ်း ဂိုထောင်လိုက်ရရှိ

နိုဝင်ဘာ ၊ ၁၂
 
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာ နယ်စပ်၊ ကွမ်းလုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေအပြင် ရဲစခန်းတွေကို ရှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိထားတယ်လို့ ကိုးကန့်တပ် (MNDAA) ရဲ့ ပြောခွင့်ရ လီကျာဝင်း က DNA ကိုအတည်ပြုပြောဆိုပါတယ်။
 
ဒါဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်တွေက စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ ၁၇ ရက်အကြာမှာ ကိုးကန့်ဒေသထိန်းချုပ်ရေးမှာ စစ်ရေးအရ အရေးပါတဲ့ ကွမ်းလုံမြို့ကို သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။
 
“ ကွမ်းလုံမြို့ သံလွင်မြစ် အရှေ့ဖက်ခြမ်းမှာ ရှိတဲ့မြို့ရယ်၊ အနောက်ဖက်ခြမ်းမှာရှိတဲ့ မြို့ရယ် ဒီစစ်ကောင်စီတပ်စခန်း ဗျူဟာကုန်း အားလုံးကို သိမ်းပိုက်လိုက်တယ်ဗျ။ စစ်ကောင်စီ အကုန်လုံးကို ရှင်းလင်းထုတ်လိုက်ပြီး မြို့ကို လုံးဝ ထိန်းချူပ်လိုက်ပြီလို့တော့ ပြောလို့ရပါတယ် ” လို့ လီကျာဝင်းက ပြောပါတယ်။
 
ကွမ်းလုံမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေ ထိခိုက်ကျဆုံးမှု အခြေအနေကို အသေးစိတ်မထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်သားတွေက စခန်းတွေကို စွန့်ခွါထွက်ပြေးသွားတယ်လို့ ကိုးကန့်တပ် ပြောခွင့်ရသူက ဆိုပါတယ်။
 
ကွမ်းလုံမြို့ရဲ့ သံလွင်မြစ်ကမ်းအရှေ့ဖက်ခြမ်းကို ဒီလ ၁ ရက်ကနေ ၂ ရက်အထိ ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြစ်အနောက်ခြမ်းကို ဒီလ ၆ ရက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခြောက်ရက်အကြာ ဒီကနေ့မှာ မြို့ကို အလုံးစုံထိန်းချူပ်နိုင်ခဲ့တာပါ။
 
ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့မှုနဲ့ လတ်တလောမြို့တွင်းခြေနေတွေကို ကိုးကန့်တပ် (MNDAA) က ရုပ်သံနဲ့တကွ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ ထုတ်ပြန်ထားပါတယ်။
 
အဲဒီရုပ်သံမှတ်တမ်းတွေအရ ကွမ်းလုံမြို့ရဲ့ အထိုင်စစ်တပ်စခန်းကို ကိုးကန့်တပ်တွေက ဝင်ရောက်သိမ်းပိုက်ထားတာ ဖြစ်သလို တင့်ကား သုံးစီးအပါအဝင် လက်နက်ခဲယမ်းတွေ ဂိုထောင်လိုက် သိမ်းဆည်းရရှိထားတာကိုလည်း တွေ့ရပါတယ်။
 
“ ဗီဒီယိုဖိုင်မှာ ပါတဲ့ ပစ္စည်းတွေအားလုံးက ကျနော်တို့ သိမ်းပိုက်ရရှိတဲ့ ပစ္စည်းတွေဖြစ်တယ်။ အရေအတွက်ကိုတော့ လောလောဆယ် အတည်မပြုနိုင်သေးဘူး ” လို့ လီကျာဝင်းက ပြောပါတယ်။
 
ဒါ့ကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ တင့်ကားပေါင်း ၁၁ စီး အထိ သိမ်းဆည်းရရှိထားကာ ပြန်လည်သုံးစွဲနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ကိုးကန့်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
 
ဒါ့အပြင် ကွမ်းလုံကြိုးတံတားထိပ်မှာ အထိုင်ချထားတဲ့ တပ်စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသလို တံတားလည်း အနည်းငယ် ပျက်ဆီးနေတာကို ရုပ်သံမှတ်တမ်းဖိုင်ထဲမှာ တွေ့ရပါတယ်။
 
ညီနောင်မဟာမိတ်တပ်တွေဟာ စစ်ဆင်ရေး ၁၀၂၇ စတင်ချိန်ကနေ ဒီကနေ့အထိ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ သိန္နီမြို့တွေကို သိမ်းပိုက်ထားပြီး တချို့မြို့နယ်တွေကို ထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေတာလည်း ရှိပါတယ်။
 
ကိုးကန့်ဒေသထိန်းချုပ်ရေး အဓိကအရေးပါတဲ့ ကွမ်းလုံမြို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး “ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ” အဖြစ် ထင်ရှားပါတယ်။
 
တိုက်ပွဲဟာ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလကုန်ကနေ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလဆန်းအထိ ဖြစ်ပွားခဲ့ပြီး ဗမာပြည်ကွန်မြူနစ်တပ်တွေက ကွမ်းလုံဒေသ ကာကင်းစခန်းကုန်းတွေကို ကနဦးသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
 
အဲဒီနောက်ပိုင်းမှာ စစ်ရေးအရေ အရေးပါတဲ့ ကွမ်းလုံဒေသမှာာ စစ်တပ်က အခိုင်အမာစခန်းတွေနဲ့ ကွမ်းလုံမြို့ တောင်ဘက် သံလွင်မြစ်ကမ်းဒေသမှာ ဗျူဟာကုန်းစခန်းအနေနဲ့ အမြှောက်တပ်ရင်းတွေပါ အခိုင်အမာ စခန်းချ တပ်စွဲထားတာပါ။
 
“ အရေးပါပုံက ပထဝီ အနေအထားအရ ကြည့်ရုံနဲ့ သိနိုင်တယ်။ ထွေထွေထူးထူးတော့ မပြောတော့ဘူး။ အရမ်းအရေးပါတယ် ” လို့ လီကျာဝင်း က ပြောပါတယ်။
 
ဓာတ်ပုံ​ – The Kokang/SS