ကန့်ဘလူမှာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်တိုက်

နိုဝင်ဘာ၊ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ် ဝက်တိုး(မြောက်)ရွာမှာ ပျူစောထီး အဖွဲ့တွေ အထိုင်ချ ထားတဲ့စခန်းကို ဒီလ ၁၁ ရက်၊ ည ၁၁ နာရီခန့်မှာ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

“ ညက ဝင်ပစ်တာ၊ ပျူရွာပေါ့နော်” လို့ ကန့်ဘလူမြို့နယ်စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ Infinity Group တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

ကန့်ဘလူမြို့ပေါ်နဲ့ ရှစ်မိုင်ခန့်အကွာ ထန်းကုန်း-ကန့်ဘလူးကားလမ်းဘေးမှာ ရှိတဲ့ ပျူစောထီး တပ်ဖွဲ့ဝင် အင်အား သုံးဆယ် ဝန်ကျင်းခန့် တပ်စွဲနေထိုင်တဲ့ အဲဒီစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ ပျူစောထီအဖွဲ့ဝင် ရှစ်ဦးခန့်သေဆုံးပြီးလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်က ထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ အဲဒီတာဝန်ရှိသူက  ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ပျူစောထီးတွေထံက  ကာဘိုင်နဲ့ ပြောင်းချောသေနတ် ဆယ်လက်ခန့်ကို ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က သိမ်းဆည်းနိုင်ခဲ့ပေမယ့် နှစ်ဘက်ပစ်ခတ်မှုအချိန်ဘယ်လောက်ကြာသလဲဆိုတာလည်း မသိရသေး ဘူးလို့ Infinity Group  တာဝန်ရှိသူက ဆိုပါတယ်။

ပျူစောထီးတွေထိခိုက်သေဆုံးမှုနဲ့ လက်နက်သိမ်းဆည်းရမိမှုအခြေအနေကို  DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင် ခြင်းမရှိသေးပါဘူး။

ကန့်ဘလူမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)တာဝန်ခံ ကိုဗလကြီးကလည်း ဝက်တိုးရွာက ပျူစောထီးစခန်းကို ပူးပေါင်း တပ်ဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်ရာမှာ သူတို့အနေနဲ့ ပါဝင်ခဲ့ခြင်းမရှိပေမယ့် အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးရှိတယ်လို့ DNA ကို အတည်ပြုပါတယ်။

“ ဝက်တိုး ပျူရွာကို ဝင်ပစ်တာခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကြားတယ်။ ဒီလောက်ပဲ သိရတယ်။အကိုတို့ လှုပ်ရှားတဲ့ နယ်မြေ မဟုတ်တော့လေ။” လို့ ကိုဗလကြီးက  ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ကန့်ဘလူမြို့ အမှတ်၆၀၀၆ တင့်ကားတပ်ရင်းကနေ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဆုတ်ခွာနိုင်တဲ့ နေရာကို ဟောင်ဝှစ်ဇာအမြှောက်နဲ့ လေးကြိမ် ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

အခုတိုက်ပွဲဖြစ်ပွားခဲ့ကျေးရွာဟာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ပျူစောထီးကျေးရွာတွေဖြစ်တဲ့အတွက် အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတာနဲ့ လက်နက်ကြီးထိခိုက်မိတာမျိုး မရှိဘူးလို့ ကိုဗလကြီးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာနဲ့ အနီးပတ်ဝန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား  နှစ်ဘက်စစ်ရေးငြိမ်သက်နေပေမယ့် အချိန်မရွေး ထိတွေ့တိုက်ပွဲ တွေ ပြန်ဖြစ်လာနိုင်တယ်လို့ ဆက်လက်ပြောကြားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကလည်း ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဆယ်နဲ့ချီသေဆုံးပြီးလက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ကန့်ဘလူခရိုင်ဟာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအားကောင်းတဲ့ နယ်မြေတွေဖြစ်ကြပြီး အဲဒီပျူစောထီးတွေကို အမျိုးသားရေးအစွန်းရောက် မဘသ ဆရာ တော် ဦးဝါသဝက ဦးဆောင်ကာ ဖွဲ့စည်းပေးထားတာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ပျူစောထီးတွေ အားကောင်းလာဖို့အတွက် ကျေးရွာနေ သာမာန်လက်လုပ်လက်စားဒေသခံတွေကို  အတင်းအဓမ္မ ခေါ်ယူကာ ပျူစောထီးသင်တန်းတက်ရောက်ဖို့ မဲနှိုက်စေတာ၊  မဲပေါက်ပါက မလိုက်နိုင်တဲ့သူတွေအနေနဲ့ လူငှားထည့်ရင် သိန်းဆယ်နဲ့ချီပေးဆာင်နေရပါတယ်။

ပျူစောထီးသင်တန်းတက်ရောက်ပြီးလို့ သင်တန်းဆင်းလာပါက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ မြို့အဝင်အထွက်၊ ကျေးရွာဂိတ် တွေမှာ ဖိအားပေးဂိတ်စောင့်ခိုင်းတာနဲ့ ရှေ့တန်းတိုက်ပွဲတွေကို စေလွှတ်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီပျူစောထီးတွေဟာ သူတို့ကို  မထောက်ခံတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်လက်ဝတ်ရတနာတွေ ခိုးယူတာ၊ စားနပ်ရိက္ခာတွေ လုယက်သိမ်းဆည်းတာတွေ လုပ်ဆောင်လေ့ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံဟောင်း

ပုံစာ-စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်စတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ပြည်သူ့စစ်အဖွဲ့လို့ပြောရမယ့် ပျူစောထီးတပ်တွေကို ဦးဆောင်ဖွဲ့စည်းတည်ဆောင်နေတဲ့ ဘုန်းတော်ကြီးဦးဝါသဝနဲ့ တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်။