စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချရမယ့် အချိန်လို့ NUG ယာယီသမ္မတပြော

နိုဝင်ဘာ၊ ၁၁

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ မဟာမိတ်တပ်တွေကို ပြန်လည်တိုက်ခိုက်တာ မလုပ်ဘဲ လက်နက်ချကြဖို့ အမျိုး သားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။

“ပြန်လည်ခုခံခြင်းမပြုဘဲ အလံဖြူထောင်ပြီး ပြည်သူ့ထံမှာ အလင်းဝင်ကြပါ၊ အလံဖြူထောင် လက်နက်ချခြင်း ဟာ အရှုံးပေးတာမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အမှန်တရားအတိုင်း ရပ်တည်လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါ တယ်” လို့ ဒီကနေ့ ပြောခဲ့တဲ့ သူ့ရဲ့လစဉ်မိန်းခွန်းမှာ ယာယီသမ္မတက ထည့်ပြောပါတယ်။

စစ်တပ်အတွင်းက ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့ စစ်ကောင်စီရဲ့ ပကတိ အရှိတရားအပေါ် အခြေခံပြီး အလေးအနက် စဥ်းစား ဆုံးဖြတ်ကြဖို့ကိုလည်း ယာယီသမ္မတ တိုက်တွန်းပါတယ်။ 

“အခုချိန်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှာ အတော်ကို သွေးပျက်ခြောက်ခြားနေတဲ့ အချိန်ခါဖြစ်ပါ တယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ Non CDM ဝန်ထမ်း တွေ၊ စစ်ကောင်စီကို အထောက်အကူပြုပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း အခြေအနေအမှန်ကို သဘောပေါက်ပြီး မှန်ကန်တဲ့ဘက်ကို အချိန်မှီ ပြောင်းလဲရပ်တည်ကြဖို့ ယာယီသမ္မက သတိပေးပါတယ်။

“နစ်မြုပ်တော့မယ့် လှေပေါ်မှာ လူဖြစ်ရှုံးခံ၊ ဂုဏ်သိက္ခာမကျန် အသက်ဆုံးရှုံးခံပြီး လိုက်ပါနေဦးမှာလားဆိုတာ ပြန်လည်စဥ်းစားဆင်ခြင်ကြဖို့ တိုက်တွန်းပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ 

အလားတူ ဒီကနေ့မှာပဲ နိုင်ငံတဝှမ်းရှိ တော်လှန်ရေးအင်အားစုတွေ ဦးဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ တာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်တပ်ကို စွန့်ခွာကြဖို့ တိုက်တွန်းတဲ့အနေနဲ့ “၁၀၂၇ လှိုင်းတွေကို အောင်သ ပြေနဲ့ ကြိုဆို၊ ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ” ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့ ကြပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ ဒီကနေ့ ဆက်တိုက်ဖြစ်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းမြောက် ထိုးစစ်၊တခြားဒေသတွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေမှာ လက်နက်ချခဲ့တဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက် ခိုက်သိမ်းပိုက်တဲ့အချိန်ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အလံဖြူထောင်ပြီး လက်နက်ချတာတွေ ရှိခဲ့တယ် လို့ သိရပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်ကလည်း  ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့အနီးမှာ အခြေ စိုက်တဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၁၄၃ တပ်ရင်း တရင်းလုံး လက်နက်ချခဲ့တယ်လို့ ၁၀၂၇ စစ် ဆင်ရေး ဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

အဲဒီလို လက်နက်ချတဲ့အထဲပါတဲ့ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို ထောက်ပံ့ငွေ ကျပ် ၁၅ သိန်းစီပေးပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်ပေးလိုက်တယ်လို့လည်း တာဝန်ရှိသူတွေ ပြောဆိုထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက အထိအခိုက် ကျဆုံးများလာတဲ့အချိန် ပြည်သူတွေကို ပစ်မှတ်ထားတိုက် ခိုက် လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ကိုလည်း ယာယီသမ္မတက သတိပေး ပြောဆို သွားပါတယ်။