ဂျပန်အစိုးရ ထောက်ပံ့ကူညီတဲ့ ရေယာဉ်ငါးစီးကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် စတင် အသုံးပြုဖို့ စီစဉ်

နိုဝင်ဘာ၊ ၁၀

ဂျပန် အစိုးရရဲ့ ထောက်ပံ့မှု အစီအစဉ်နဲ့ ဖြည့်တင်းဝယ်ယူမယ့် ကမ်းခြေစောင့်တပ် ရေယာဉ် ၅ စီးကို စတင် အသုံးပြုဖို့ ဖိလစ်ပိုင်က ပြင်ဆင်နေကြောင်း သိရပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ထိပ်တန်း အရာရှိ တဦးက အဲဒီ ရေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် အငြင်းပွားရာ ရေပြင်တွေကို ကင်းလှည့် စောင့်ကြည့်နိုင်စွမ်း မြှင့်တင်ဖို့ အထောက်အပံ့ကောင်းတွေ ရရှိစေလိမ့်မယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ် ကမ်းဝေး သောင်ခုံကျွန်းတချို့ အပါအဝင် ရေပိုင်နက်ကိစ္စ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နှစ်နိုင်ငံ ကမ်းခြေစောင့် သင်္ဘောတွေကြား ပြဿနာတက်တဲ့ အခြေအနေတွေလည်း ပိုမို ထူထပ်လာပါတယ်။

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဖိလစ်ပိုင်ကို အလည်အပတ် ရောက်ရှိခဲ့ချိန်မှာ ဂျပန် အစိုးရဟာ ဖိလစ်ပိုင်ရဲ့ လုံခြုံရေး စွမ်းရည် မြှင့်တင်မှုတွေမှာ အစွမ်းကုန် ပူးပေါင်း ကူညီဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း မိန့်ခွန်း ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ ရေကြောင်းလုံခြုံရေး ကဏ္ဍကို မြှင့်တင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပြီး မဟာမိတ်တွေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့လည်း ညှိနှိုင်းနေပါတယ်။ အခု ရေယာဉ်အသစ် ၅ စီးကိုတော့ ဂျပန်ရဲ့ ချေးငွေ အကူအညီနဲ့ ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ်ဖို့ ကြိုးစားနေတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတချို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေသလို တောင်တရုတ်ပင်လယ်ကို နိုင်ငံတကာ ရေပိုင်နက်အဖြစ် သတ်မှတ်ပြီး ကင်းလှည့်နေတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့လည်း တင်းမာမှုတွေ ရှိနေပါတယ်။

 

Ref: CNA