နိုဝင်ဘာ၊ ၁၀
၁၀၂၇ စစ်ဆင်ရေးရဲ့ တရားဝင် သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့ Operation 1027- 3BHA ဟာ ရန်သူရဲ့ ထိုးနှက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲသတင်းတွေကို ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ယာယီကန့်သတ်ခံထားရတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန် သတိပေးထားပါတယ်။
အလားတူ တချိန်တည်းမှာပဲ Operation 1027 (Northern Alliance) အမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာအတုတခု ထွက်ပေါ်နေပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်နေတယ်လို့လည်း ဆိုပါတယ်။
Delta News Agency ရဲ့ စုံစမ်းချက်အရတော့ အဲဒီဖေ့စ်ဘုတ်စာမျက်နှာအတုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက Art of Myanmar – Production ဆိုတဲ့ နာမည်နဲ့ စတင်ဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်တရက် အောက်တိုဘာ ၂၈ ရက်မှာတော့ Operation 1027 နာမည်အဖြစ် ပြောင်းလဲလိုက်ပြီး အဲဒီမတိုင်ခင်ကလည်း PDF Myanmar Art၊ Myanmar Federal၊ News Asia Info စတဲ့ နာမည်တွေအဖြစ် ပြောင်းလဲခဲ့ဖူးပါတယ်။
အဲဒီ ဖေ့စ်ဘုတ်စာမျက်နှာအတုက လက်ရှိမှာ Operation 1027 (မိုင်ဂျာယန်ဒေသ) ဆိုတဲ့ နာမည်ပြောင်းလဲထားပြီး ကိုးကန့်တပ် (MNDAA)ရဲ့ The Kokang ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြန်တဲ့ သတင်းတွေကို ကူးယူဖော်ပြနေတာကိုလည်း တွေ့ရပါတယ်။
လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ တိုက်ပွဲသတင်းတွေကို တရားဝင် လူမှုကွန်ရက်စာမျက်နှာများဖြစ်တဲ့ တယ်လီဂရမ်၊ တွစ်တာနဲ့ VK ဆိုရှယ်မီဒီယာတွေက တဆင့်ထုတ်ပြန်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးကြေညာထားပါတယ်။