အမ်းမြို့နယ် တပ်တောင်ရဲစခန်းကို စစ်တပ်က ဝင်စီးပြီး စခန်းမှူးနဲ့ ရဲတချို့ကို ဖမ်းဆီး

နိုဝင်ဘာ၊ ၈

ရခိုင်ပြည်နယ်၊အမ်းမြို့နယ် တပ်တောင်မြို့ရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်ဖမ်းဆီးသွားပြီး ရဲစခန်းဝထဲမှာလည်း စစ်ကောင်စီတပ်သားတွေ စခန်းချနေ ရာယူလိုက်ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အင်အား တရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကားလေးစီးနဲ့ မ​နေ့ကမနက်ပိုင်းမှာအဲ့ဒီရဲစခန်းကိုရောက်လာပြီး စခန်းပတ်လည်ကို လက် နက်အပြည့်အစုံနဲ့ ဝိုင်းခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“တရားခံတွေကို လာဖမ်းသလိုမျိုး အဖမ်းမခံရင် ပစ်မယ့်ပုံစံမျိုး ဝိုင်းပြီးဖမ်းသွားတာ၊ ဘာလို့ဖမ်းလဲတော့ အတိအအကျမသိရဘူး၊မဖမ်းခင်တရက်ကတော့ မြို့မရဲစခန်းကို လာကြဖို့ ဖုန်းဆက်ပြောခဲ့တယ်တဲ့၊အဲဒါ သွားဖို့ ပြင်နေကြတုန်း လာဖမ်းသွားတာ”လို့ အဆိုပါဒေသခံက ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ စခန်းမှူး မျိုးမြင့်ထွန်း၊ ဒုရဲအုပ်နဲ့ နောက်ထပ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့ဖြစ်ကြပြီး အမ်းမြို့ပေါ် စစ်ကောင်စီတပ်ရင်းတခုမှာ ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ ကြားသိရကြောင်း နီးစပ်သူဒေသခံက ပြောပါတယ်။

“ရဲတချို့ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်၊ ကျန်ရဲတွေလည်း ရှောင်နေကြရတယ်၊အခုတော့ ရဲစခန်းတခုလုံးကို စစ်တပ်က နေရာယူလိုက်ပြီ၊ရဲတွေ တယောက်မှ မရှိတော့ဘူး”လို့ တပ်တောင်မြို့ကနောက်ထပ်ဒေသခံတဦးကလည်း ပြောပါတယ်။ 

အခု ဖမ်းဆီးခံရတဲ့ စခန်းမှူး မျိုးမြင့်ထွန်းဟာ အမ်းမြို့မရဲစခန်းကနေ တပ်တောင်ရဲစခန်းကို လွှဲပြောင်းတာဝန်ပေးခံထားရသူဖြစ်ပြီး ကရင်လူမျိုးတဦး ဖြစ်တယ်လို့သိရပါတယ်။ 

စစ်ကောင်စီတပ်အနေနဲ့ ဘာကြောင့် သူတို့ရဲ့လက် အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို အခုလိုစီးနင်းဖမ်းဆီးခဲ့တယ်ဆိုတာ အသေးစိတ်မသိရသေးပါဘူး။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ DNA ကအမ်းမြို့မရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၅ရက်က AA တပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

တပ်တောင်မြို့ဟာ ရခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်၊ လှုပ်ရှားရာ ဒေသတခုဖြစ်တာကြောင့် AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်နိုင်သလို စစ်ရေးသတင်းတွေ ပေါက်ကြားသွားမှာ စိုးရိမ်လို့ ကြိုတင်ဖမ်းဆီးထားတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

“AA နဲ့ ဆက်စပ်ပြီး အဖမ်းခံရတဲ့ရဲတွေတော့ အရင်ကလည်း ရှိခဲ့တယ်”လို့ အမ်းဒေသခံ တက်ကြွလှုပ် ရှားသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု စက်တင်ဘာလအတွင်းကလည်း အမ်းမြို့မရဲစခန်းက ရဲအုပ်သက်လှိုင်ဆိုသူကို စစ်ကောင်စီတပ်က ရက်ရှည်ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး စစ်ကြောရေးအတွင်း ရိုက်နှက်ခံရတာတွေကြောင့် စိတ်ကျန်းမာရေးထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီရဲအုပ်သက်လှိုင်ဟာလည်း တပ်တောင်ရဲစခန်းမှာ ယာယီစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့သိရပါတယ်။

ဒါ့အပြင် အခုနှစ် မတ်လအတွင်းကလည်း စစ်ကောင်စီတပ်ဟာ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲရဲစခန်းက ရဲတပ်သားတဦး နဲ့ လျှပ်စစ်ဝန်ထမ်းနှစ်ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။ 

“သူတို့လူတွေကိုတောင် သူတို့ မယုံတော့တဲ့အနေအထားပေ့ါ၊အရင်တိုက်ပွဲကာလတုန်းကဆိုရင်လည်း အမ်းက ရခိုင်လူမျိုးရဲတို့၊ စစ်သားတို့ကို ဟိုးအဝေးကြီး တခြားပြည်နယ်တွေကို ပို့ပစ်တာတွေ ရှိခဲ့တယ်”လို့ မကြာသေးခင်ကမှ အမ်းမြို့နယ်ကနေ ရွှေ့ပြောင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။