မယ်စဲ့က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်

နိုဝင်ဘာ၊ ၇

ကရင်နီ(ကယား)ပြည်နယ်၊မယ်စဲ့မြို့နယ်၊ ပန်တိန်းရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို ဒီ ကနေ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ ပူးပေါင်းတပ်တွေဆီကသိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့အနောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာ ဖားဆောင်း-မယ်စဲ့ ကားလမ်း ပေါ်က ပန်တိန်းရွာက စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့  ၁၀၀၄ နယ်ခြားစောင့်တပ်(BGF)စခန်းကုန်း တွေကို သိမ်းပိုက်နိုင်ခဲ့တာလို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ KNDF၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) အပါ အဝင် က ရင်နီပူးပေါင်းတပ်တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ လက်နက်မျိုးစုံ ၁၆ လက်အပါအဝင် ခဲယမ်းတွေနဲ့ ဆက်စပ် စစ်အသုံးအဆောင်တွေကိုကရင်နီပူးပေါင်းတပ်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေတွေကိုတော့ ကရင်နီပူးပေါင်းတပ်တွေက တရားဝင်ထုတ်ပြန် တာမရှိသေးသလိုDNAအနေနဲ့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။

ထိုင်း-မြန်မာ နယ်စပ်မယ်စဲ့မြို့ကို အခုနှစ် ဇွန်လ အလယ်ပိုင်းလောက်ကတည်းက ကရင်နီပူးပေါင်း တပ်တွေတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။