အိန္ဒိယ-မြန်မာနယ်စပ်က ခမ်းပတ်မြို့ကို KIA၊ PDF နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

နိုဝင်ဘာ၊ ၇
 
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သလို ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ပြောကြပါတယ်။
 
“ ရဲစခန်း ကသိမ်းထားပြီးပြီပေါ့နော်၊ တပ်စခန်းကိုတော့ ဒီနေ့သိမ်းတာ၊ တပ်စခန်းထဲမှာရှိတဲ့ စစ်သားတွေက ထွက်ပြေးသွားကြပြီ၊ လက်နက်တွေတော့ သူတို့ ယူသွားတယ်တဲ့၊ စစ်သားတွေက ရဲစခန်းနဲ့ အဲဒီတပ်စခန်းမှာပဲ ကောင်းကောင်းရှိတာ ” လို့ ခမ်းပတ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ခမ်းပတ်မြို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ တမူးမြို့နဲ့ မိုင်သုံးဆယ်ကျော် (ကားနဲ့ တနာရီခရီး)၊ ကလေးမြို့နဲ့ ၄၈ မိုင်ဝန်းကျင် (ကားနဲ့ နှစ်နာရီခရီး)အကွာ တမူး-ကလေး လမ်းပေါ်မှာရှိတဲ့ မြို့ဖြစ်ပါတယ်။
 
“ မြို့ခံတွေကတော့ စဖြစ်တဲ့နေ့ကတည်းက (နိုဝင်ဘာ ၃) အကုန်နီးပါး ပြေးတာ၊ အခုမြို့ထဲမှာ မြို့ခံတွေမရှိဘူး၊ လက်နက်ကြီးတွေ လေယာဥ်တွေလည်း ပစ်တော့ မနေရဲကြဘူး ” လို့ ခမ်းပတ်မြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။
 
စစ်ကောင်စီတပ်ဘက်က ခမ်းပတ်မြို့နဲ့ အနီးအနားတဝိုက်ကို တိုက်ပွဲတွေ စဖြစ်တဲ့ နိုဝင်ဘာ ၃ ရက် နောက်ပိုင်းကတည်းက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး လက်ရှိမှာလည်း ထပ်မံတိုက်ခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
 
ခမ်းပတ်မြို့ကို အမှတ်(၁)စစ်ဒေသ၊ တမူးခရိုင်ကွပ်ကွဲမှုအစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ CNDF၊ TDA၊ RCDF၊ KNA-Burma တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အမှတ်(၁) စစ်ဒေသဟာ C3C (တခုတည်းသောအမိန့်ပေးကွင်းဆက်)အစီအစဉ်အရ KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူး၊ KIA အရာရှိတွေက ခရိုင်ကွပ်ကွဲရေးမှူးတွေအဖြစ် တာဝန်ယူကာ PDF တပ်ရင်းတွေနဲ့ ပကဖအဖွဲ့တွေကို လေ့ကျင့်ပျိုးထောင်ပြီး အနီးကပ်ကွပ်ကဲနေတဲ့ ဒေသဖြစ်တယ်လို့လည်း NUG က အသိပေးရှင်းပြထားပါတယ်။
 
ခမ်းပတ်မြို့နဲ့ အနီးတဝိုက်ကို တမူးခရိုင် PDF တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက အခုလ ၃ ရက်နေ့ မနက်အစောပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
 
ခမ်းပတ်မြို့ပေါ်က ရဲစခန်းနဲ့ အနီးအနား ဝိတုတ်ကျေးရွာက စစ်ကောင်စီ တပ်စခန်းတခုကိုတော့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းကတည်းက သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး ခမ်းပတ်မြို့ထဲ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီ တပ်စခန်း တခုကိုတော့ ဒီကနေ့မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။
 
ဒီကနေ့ ခမ်းပတ်မြို့ကို သိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေက နှစ်ရက်အတွင်း မြို့နှစ်မြို့ သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး မနေ့ကလည်း ခရိုင်အဆင့်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – NUG