မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ ရဲ ငါးဦးကို PDF တွေ ဖမ်းမိ

နိုဝင်ဘာ၊ ၆

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်‌ရေးတပ်(PDF)တွေက နိုဝင်ဘာ ၃ ရက်မှာ  ဝင်ရောက် သိမ်းပိုက်ချိန်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတွေထဲက ငါး ဦးပြန်လည် ဖမ်းမိနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

 “ ကျွန်တော်တို့ လက်နက်နဲ့ အတူဖမ်းဆီးရမိတာ တွေလည်းရှိတယ် ပေါ့နော် ။အဲ့ဒါကိုမှ မနေ့ကထိ ဆက်လက်ပြီး‌နေတော့ ရပ်ကျေး ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်) တွေနဲ့ ပေါင်းပြီး ပြေးလမ်းတွေ ပိတ်ပြီးဖမ်းဆီးခဲ့တာပါ။ “ လို့ ဂန်ဂေါမြို့နယ် ၊ပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူကပြောပါတယ်။

ဂန်ဂေါမြို့တောင်ဘက် ၁၅ မိုင် ဝန်းကျင်အကွာမှာ ရှိတဲ့ မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်( PDF)နဲ့ကျောင်းသားတပ်မတော် (ABSDF)အပါအဝင် ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်မှာ ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားခြောက် ဦးသေဆုံးပြီး ၊၁၁ ဦးလက်နက်ချ ခဲ့ကာ လက်နက် ၁၇ လက် သိမ်းဆည်းရမိခဲ့ကာ ရဲတချို့ ထွက်ပြေးသွားခဲ့ရာမှ အဲ့ထဲကအရပ်ဝတ်နဲ့ထွက်ပြေးတဲ့  ရဲငါးဦးကို မနေ့က  ပြန်လည် ဖမ်းဆီးနိုင်ခဲ့တာလို့သိရပါတယ်။

အဲ့ဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ ဂန်ဂေါမြို့နယ် ၊ ခြေလျင်တပ်ရင်း(ခလရ) ၅၀ နဲ့ ချိတ်ဆက်ကာ ထွက်ပြေးခဲ့ပေမယ့် အဲဒီ ခလရ ၅၀ က စစ်ကူတွေရောက်ရှိမလာတာကြောင့် မင်းရွာနဲ့ဂန်ဂေါရွာကြားမှာ ပြန်လည်ဖမ်းမိခဲ့တာလို့  ဆိုပါတယ်။

 လက်ရှိမှာ အဲဒီ ဖမ်းဆီးခံရသူတွေကို ကောင်းမွန်စွာထားရှိထားပြီး စစ်သုံ့ပန်း ဥပဒေ အတိုင်းအရေးယူ ဆောင်ရွက်သွားမှာလို့ လည်းတော်လှန်ရေးအင်အားစုုတွေက ပြောကြားပါတယ်။

 တော်လှန်ရေးအင်အားစုတွေက မင်းရွာရဲစခန်းကို သိမ်းပိုက်ပြီးနောက်ဂန်ဂေါမြို့ နယ် မြောက်ပိုင်း ၊တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  အဲ့ဒီနေ့ ညပိုင်းမှာပဲစခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကာ မြောက်ခင်ရန်းမှာ ရှိတဲ့ ပျူစောထီးတွေနဲ့သွားရောက်ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။

တောင်ခင်ရန်းရဲစခန်းကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားကြတဲ့အတွက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေအဖြစ် ကန်ရွာရဲစခန်း၊ပျူစောထီးရွာတွေဖြစ်တဲ့  မြောက်ခင်ရန်းနဲ့ ဟံသာဝတီအပါအဝင်  စခန်းသုံးခုပဲ ရှိတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တောင်ခင်ရန်းရဲစခန်းမှာ မိုင်းတွေထောင်ခဲ့တာကြောင့် ကျောင်းသားတပ်မတော် (ABSDF) နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းမှာ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 “ ဒီနေ့တမနက်လုံးမိုင်းရှင်းလင်းနေတာပေါ့။မိုင်းကျွမ်းကျင်သူတွေနဲ့ရှင်းလာတာဆိုတော့ ထိခိုက်တာတွေတော့မရှိပါဘူး ။ရှင်းနေတာက ခုထိမပြီးသေးဘူး။ဟိုနားတွေ ၊ဒီနားတွေ့ပဲ “လို့ ABSDF ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်ကပြောပါတယ်။

Photo_CJ