ကောလင်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်

နိုဝင်ဘာ၊ ၅
 
စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့ပေါ်က ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက ဒီကနေ့ညပိုင်းမှာ သိမ်းပိုက်လိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ကယ်ထုတ်ထားတယ်လို့ မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Kawlin Revolution-KR က အသိပေးထားပါတယ်။
 
အဲဒီရဲစခန်းကို ဒီကနေ့ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကယ်ထုတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လုံခြုံတဲ့နေရာမှာ ထားရှိသလို မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း တတ်နိုင်သမျှ ခေါ်ထုတ်ပေးမယ်လို့ Kawlin Revolution-KR က ဆိုပါတယ်။
 
ဒီကနေ့ ကောလင်းမြို့ပေါ်က တိုက်ပွဲအခြေအနေ အသေးစိတ်နဲ့ ပတ်သက်လို့တော့ မြေပြင်သတင်းရင်းမြစ်တွေကို DNA က ဆက်သွယ်မေးမြန်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ကောလင်းမြို့ပေါ်တိုက်ပွဲအတွင်း မနေ့ကအထိ အခြေအနေတွေအရ စစ်ကောင်စီက ထွေအုပ်ရုံး၊ ရဲစခန်း တို့ကနေ တော်လှန်ရေးတပ်တွေကို ခုခံတိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို မနေ့က ပြောထားပါတယ်။
 
“အဲ့နှစ်ခုပါရင် မြို့က ကျပြီလေ” လို့ သူကပြောပါတယ်။
 
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကောလင်းမြို့ပေါ်က စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေကို နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် ဒီကနေ့အထိ သုံးရက်ဆက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာပါ။
 
အဲဒီထိုးစစ်စတင်တဲ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းကတည်းက ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေက စီးနင်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီက မြို့ပေါ်အထိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာကြောင့် ပြန်ဆုတ်ခဲ့ရတာလို့ ကောလင်းဒေသခံတဦးက DNA ကို ပြောထားပါတယ်။
 
တိုက်ပွဲအတွင်း ကောလင်းမြို့ခံ အရပ်သားတွေ ပိတ်မိနေတာ၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေ ရှိနေသလို အဆက်အသွယ်ပြတ်တောက်နေသူတွေလည်း ရှိနေပါတယ်။
 
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ကောလင်းမြို့ခံ တသောင်းလောက်လည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
 
ဓာတ်ပုံ – Google