စိုင်ပြင်မှာ တိုက်ပွဲဖြစ်ပြီး လေကြောင်းကတိုက်လို့ ဒေသခံရှစ်ထောင်နီးပါး စစ်ရှောင်နေရ

နိုဝင်ဘာလ၊ ၅
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ရှစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာအကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ စစ်ရှောင်အကူအညီပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။
 
“ စိုင်ပြင်မြို့မှာ မနက်က ဝေဟင်ကနေ ဗုံးသီးချတဲ့အတွက် စိုင်ပြင်မြို့ပေါ်က ပြည်သူတွေရော အနီးကရွာက ပြည်သူတွေရော စစ်ရှောင်နေရတဲ့အခြေအနေဆိုတော့ ဒီနေ့က ပိုများတာပေါ့ဗျာ ” လို့ ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဒီကနေ့မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် မနက်လေးနာရီဝန်းကျင်လောက်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
 
ဒီလိုမျိုး နှစ်ဖက်တိုက်ပွဲနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စိုင်ပြင်မြို့ပေါ်နေသူတွေအပါအဝင် အနီးအနား ပတ်ဝန်းကျင်ကျေးရွာ ခုနှစ်ရွာခန့်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒီပဲယင်းမြို့နယ်မှာဆိုရင် အရင်က တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ငါးထောင်ကျော်ရှိပြီး အဲဒီစစ်ဘေးရှောင်တွေက ဘေးလွတ်ရာ တောတောင်ဥယျာဉ်ခြံမြေတွေနဲ့ နီးစပ်ရာဆွေမျိုးတွေ နေအိမ်ဘက်ကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းက ဒီပဲယင်းမြို့နယ်အတွင်းက စစ်ရှောင်တွေ တိမ်းရှောင်နေတဲ့ နေရာတွေဘက်ကို ထပ်မံစစ်ကြောင်းထိုး လာနေတယ်လို့ ဆိုပါတယ်။
 
“ အခု ဘေးလွတ်ပါတယ်လို့ ထင်တဲ့နေရာကို စစ်ကြောင်းတွေက ဦးတည်လာတဲ့အခါကျတော့ ရွာခံတွေရော လာပြီး စစ်ရှောင်နေကြတဲ့သူတွေရောက ထပ်ပြီး ပြေးနေရတယ်ဗျ ” လို့ ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒီလိုမျိုး စစ်ရှောင်ပြည်သူတွေ ဘေးလွတ်ရာ နေရာအသစ်ကို ထပ်မံထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် ဒီကနေ့မှာ မြေပြင်သွားပြီး ကူညီထောက်ပံ့မှု ပြုလုပ်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာလည်း ဒီပဲယင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကန့်သတ်ပိတ်ဆို့မှုနဲ့ အလှူရှင်နည်းပါးမှုတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ဆန်ပြတ်လပ်မှုတွေ ရှိလာတဲ့အပြင် တချို့စစ်ရှောင်စခန်းတွေမှာ ဆန်ကို အကြွေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
 
“ လက်ရှိ ဒီစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီနဲ့ ဟင်းချက်စရာတွေပေါ့ဗျာ၊ အရေးပေါ်လိုအပ်နေတာ တွေ့ရတယ် ” လို့ ပြောပါတယ်။
 
ဒီကနေ့ မနက်အစောပိုင်းက စိုင်းပြင်မြို့ပေါ်က ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်တဦး သေဆုံးကာ ထိခိုဒဏ်ရာ ရရှိတာတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒါပေမယ့် တိုက်ပွဲနဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေကို ဒီပဲယင်းမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဒီကနေ့ ညနေအထိ သတင်းတစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးသလို သေဆုံးမှုနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
 
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ နေအိမ်အဆောက်အဦ ပျက်စီးမှု အခြေအနေကို အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
 
လက်ရှိ စိုင်ပြင်မြို့ပေါ်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ မရှိတော့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေက နေရာအနှံ့အပြားမှာ လှုပ်ရှားသွားလာတာမျိုးတွေ ရှိနေပြီး ဒီပဲယင်းမြို့ အရှေ့ဘက်ခြမ်း ကျေးရွာတွေဘက်ကို စစ်ကြောင်း ဝင်ရောက်နေတာ ရှိတယ်လို့ ဆိုပါတယ်။
 
UNCHOA ရဲ့ ထုတ်ပြန်ချက် နိုင်ငံတဝှမ်းမှာ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ နှစ်သန်းနီးပါးအထိ ရှိလာပြီး အဲဒီထဲက ၁ ဒဿမ ၇ သန်းနီးပါးက စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ဖြစ်တယ်လို့ အခုနှစ် အောက်တိုဘာလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး