အစ္စရေးနဲ့ စစ်ဖြစ်နေပြီးသားလို့ ဆိုနိုင်ကြောင်း ဟက်ဇ်ဘိုလာ ခေါင်းဆောင်ပြော

နို၀င်ဘာ ၊ ၄

သူ့တပ်တွေဟာ အစ္စရေး-ဟားမားစ် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နှင့်ပြီး ဖြစ်တယ်လို့ လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

လူတွေက ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အကြောင်းပြုပြီး ဟက်ဇ်ဘိုလာတွေက အစ္စရေးကို တိုက်ခိုက်လာမယ်လို့ ခန့်မှန်းနေကြကြောင်း၊ ဒါပေမဲ့ လက်တွေ့မှာတော့ ဟက်ဇ်ဘိုလာတွေဟာ အောက်တိုဘာ ၈ ရက် ကတည်းက စစ်ပွဲမှာ ပါဝင်နေခဲ့ပြီးဖြစ်ကြောင်း ဟာဆန် နာစ်ရာလားက နိုဝင်ဘာ ၃ ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေး တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ်နဲ့ ဟားမားစ်တို့ စစ်ခင်းနေသလို အစ္စရေး မြောက်ပိုင်းက လက်ဘနွန်နဲ့ ထိစပ်နေတဲ့ နေရာမှာလည်း ဟက်ဇ်ဘိုလာတွေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး နေ့စဉ်ရက်ဆက် အပြန်အလှန် ပစ်ခတ်နေပါတယ်။ အစ္စရေးဟာ လက်ဘနွန်နဲ့ နယ်စပ်ကို လုံခြုံရေး တိုးမြှင့်ထားသလို နယ်စပ် မြို့ရွာ တချို့ကိုပါ ကြိုတင် ရွှေ့ပြောင်းထားစေခဲ့ပါတယ်။

နာစ်ရာလားက လက်ရှိ ဂါဇာ စစ်ပွဲဟာ ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း စစ်ပွဲကြီး အသွင်ထိ ကြီးမားလာနိုင်ခြေကိုလည်း အရိပ်အမြွက် ထည့်သွင်း ခြိမ်းခြောက်သွားပါတယ်။ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ဟာ မြေထဲပင်လယ်ထဲ စစ်သင်္ဘောတွေ အများအပြား စေလွှတ်ပြီး အင်အားပြနေလို့ ဘာမှ မထူးကြောင်း၊ ပဋိပက္ခတွေ ပိုမဆိုးလာစေချင်ရင် အမေရိကန်ဟာ အစ္စရေးရဲ့ ဂါဇာထိုးစစ်ကို ဝင်ရောက် ဟန့်တားသင့်ကြောင်း သူက ဆိုပါတယ်။

ဟက်ဇ်ဘိုလာတွေဟာ အစ္စရေးနဲ့ စစ်ဖြစ်နေပြီးသားလို့ သဘောထားသလို ဖြစ်နိုင်ခြေ အားလုံးကိုလည်း တွေးတော ပြင်ဆင်ထားကြောင်း၊ အခြေအနေ အရပ်ရပ်ကို အကြောင်းပြုပြီး အပြောင်းအလဲတွေကို ရွေးချယ်လာနိုင်ကြောင်းလည်း နာစ်ရာလားက ပြောကြားသွားပါတယ်။ လက်ရှိမှာလည်း အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေဟာ အရှိန်အဟုန် ပိုပြင်းထန်လာနေကြောင်း သူက ပြောပါတယ်။ 

ဟက်ဇ်ဘိုလာတွေဟာ အစ္စရေး-ဟားမားစ် စစ်ပွဲမှာ ပိုမို ထင်ရှားတဲ့ အခန်းကဏ္ဍမျိုးကနေ စွက်ဖက်လာနိုင်ကြောင်း ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာ နာစ်ရာလားက အခုလို သဘောထားမျိုးနဲ့ မိန့်ခွန်းကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဟားမားစ်တွေရော၊ ဟက်ဇ်ဘိုလာတွေပါ အီရန် အစိုးရက အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း လက်နက်ကိုင် အင်အားစုတွေ ဖြစ်ကြပြီး ဟက်ဇ်ဘိုလာတွေဟာ အစ္စရေးနဲ့ ၂၀၀၆ ခုနှစ်၊ လက်ဘနွန် စစ်ပွဲမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြဖူးပါတယ်။