တရုတ်နိုင်ငံရောက် မြန်မာစစ်ရှောင်တွေကို နေရာပြောင်းရွှေ့ပေးပေမယ့် အခက်ခဲရှိနေဆဲ

နိုဝင်ဘာ၊ ၃
 
တရုတ်ပြည်၊ မိန်းတိန် စစ်ရှောင်စခန်းကို ရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ နေထိုင်ရေး၊ စားသောက်ရေးအပြင် အဆင်မပြေမှုများစွာ ရှိနေကြောင်း သတင်းတွေ ထွက်လာတဲ့နောက် တရုတ်တာဝန်ရှိသူတွေက နေရာအသစ်ကို ပြောင်းရွှေ့လိုက်ပေမယ့် အခက်ခဲရှိနေဆဲလို့ စစ်ရှောင်မိသားစုဝင်တွေထံက သိရပါတယ်။
 
” RFA မှာ မနေ့က တင်တဲ့သတင်းကြောင့်ထင်တယ်။မ နေ့ညကပဲ သူတို့ ရွှေ့ရတယ်တဲ့။ နယ်စပ်နဲ့ တော်တော်ဝေးသွားတယ်။ Covid center မှာ ထားတယ်ပြောတာပဲ ” လို့ စစ်ရှောင်မိသားစုဝင်ဖြစ်တဲ့ ကိုနိုင်(အမည်လွှဲ)က ပြောပါတယ်။
 
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ အောက်တိုဘာလ ၂၇ ရက်မှာ စတင်တဲ့ စစ်ဆင်ရေး ၁၀၂၇ ကြောင့် ရှမ်းမြောက်က သိန္နီ၊ လားရှိုး၊ နမ်းခမ်း၊ ကွက်ခိုင် အပါအဝင် မြို့နယ်တွေက ဒေသခံပေါင်း နှစ်သောင်းကျော်ဟာ တိမ်းရှောင်နေရတာပါ။
 
အဲဒီထဲက ငါးထောင်ထက်မနည်းတဲ့ ချင်းရွှေဟော်ဒေသခံတွေနဲ့ ချင်းရွှေဟော်ကို ရောက်နေတဲ့သူတွေဟာ အောက်တိုဘာလ ၂၇ ရက်ကတည်းက တရုတ်ပြည်ထဲကို ထွက်ပြေးခိုလှုံကြရာကနေ မိန်းတိန်စစ်ရှောင်စခန်းကို ရောက်သွားခဲ့ကြရပါတယ်။
 
စခန်းကို စတင်ရောက်တဲ့နေ့ကနေ ဒီကနေ့ဆိုရင် ရှစ်ရက်မြောက်ခဲ့ပြီဆိုပေမယ့် မြန်မာစစ်ဘေးရှောင်တွေဟာ နေထိုင်စားသောက်ရေး ထောက်ပံ့မှု လုံလောက်စွာ မရတဲ့အပြင် အခြေခံလိုအပ်ချက်တွေလည်း မပြည့်စုံတဲ့အကြောင်း မနေ့ ညမှာ သတင်းတွေ စထွက်လာခဲ့ပါတယ်။
 
စစ်ဘေးရှောင်တွေ အဆင်မပြေကြောင်း သတင်းတွေ ထွက်လာတဲ့ညက ညတွင်းချင်းမှာပဲ စစ်ဘေးရှောင်တွေကို ယခင်ထားထားတဲ့ နေရာကနေ နယ်စပ်နဲ့ ပိုဝေးတဲ့ တရုတ်ပြည်၊ မိန်းတိန်ထဲက နေရာတခုကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
 
” အခုက အခန်းနဲ့တဲ့။ တခန်းကို ဆယ်ယောက်တဲ့။ အရင်ထက်တော့ ပိုစစ်လာတယ်တဲ့ ဖုန်းတွေ လုံးဝ ပေါ်တင်မသုံးရဲဘူး။ အခန်းနေရာ ရွှေ့ပေးတဲ့ချိန် အားသွင်းပေါက်ရှိလို့သာ အားသွင်းပြီး အဆက်သွယ်ပြန်ရကြတာ ” လို့ ကိုနိုင်က ပြောပါတယ်။
 
ဆယ်ယောက်တခန်း နေရတဲ့ အခန်းရဲ့ အကျယ်ကိုတော့ လက်ရှိမှာ အဆက်သွယ်ထပ်မရသေးတာကြောင့် မသိရသေးဘူးလို့ ကိုနိုင်က ဖြည့်စွက်ပြောကြားပါတယ်။
 
ခုလက်ရှိရောက်နေတဲ့နေရာမှာ အခန်းတွေနဲ့နေရလို့ အရင်နေရာထက် ပိုအဆင်ပြေလာတယ်ဆိုပေမယ့် သောက်သုံးရေ၊ အိမ်သာ၊ အစားအသာက်နဲ့ တခြားအခြေခံလိုအပ်တွေကတော့ ထောက်ပံ့မှု အားနည်းနေသေးပြီး စစ်ဆေးတင်းကြပ်မှုတွေ ပိုရှိလာတယ်လို့ သိရပါတယ်။
 
စစ်ရှောင်စခန်း နေရာအသစ်ကို မနေ့ညကတည်းက ရောက်ရှိကြတယ်ဆိုပေမယ့် ဒီကနေ့ ညနေပိုင်းမှ သောက်သုံးရေတွေကို ရရှိတာဖြစ်ပြီး အစားအသောက်တွေမှာလည်း ထမင်းနဲ့ ဟင်းတမျိုးကို အနည်းငယ်သာ ဖြစ်သလို ကျွေးနေတာလို့ သိရပါတယ်။
 
စစ်ရှောင်အများစုဟာ ပြင်ဆင်ချိန်မရဘဲ အဝတ်တထည်ကိုယ်တခုနဲ့ အသက်ကိုပိုက်ပီး ပြေးလာရတာကြောင့် ဆေးဝါးနဲ့ လိုအပ်တဲ့ အခြေခံ တကိုယ်ရည်သုံးပစ္စည်းတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် အတွင်းခံနဲ့ လစဉ်သုံးပစ္စည်းတွေကို ကူညီထောက်ပံ့ပေးစေချင်တယ်လို့ စစ်ရှောင်မိသားဝင်တွေက ဆိုပါတယ်။
 
” လှူချင်တဲ့လူတွေက ရှိနေတာကို သူတို့က ခွင့်မပြုတာ။ ခွင့်ပြုပေးလိုက်ရင် တော်တော်အဆင်ပြေနေပြီ ” လို့ နောက်ထပ် စစ်ရှောင်မိသားစုဝင်တဦးက ဆိုပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံကို တိမ်းရှောင်နေရတဲ့ မြန်မာစစ်ရှောင်တွေကို ပထမဆုံး နေရာချထားတဲ့ စခန်းကို နိုဝင်ဘာလဆန်းက တွေ့ရစဉ်။