ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း အပါအ၀င်စခန်း လေးခုကို TNLA ထပ်မံသိမ်းပိုက်

နို၀င်ဘာ ၊ ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကြားကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း အပါအ၀င် တပ်စခန်းလေးခုကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
“ မနေ့က ဒီဘက်ကမ်းက ရဲစခန်းကို ရတယ်၊ ဒီကနေ့ ဟိုဘက်ခြမ်းက စကစတပ်စခန်းကို ထပ်ရတယ်။ တံတားနှစ်ဖက်လုံးက တပ်စခန်းတွေကို ရလိုက်တာပေါ့ ” လို့ TNLAတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
TNLA တပ်မဟာ(၁) စစ်ဒေသမှာရှိတဲ့ ရွှေလီကြိုးတံတားက ခမရ (၄၂၃) စစ်ကောင်စီတပ်စခန်းကို ဒီကနေ့မနက် ခုနှစ်နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် လေးလက်၊ ၆၀ မမ ဗုံးသီး၊ RPG အသီး၊ လက်ပစ် ဗုံးတွေနဲ့ ကျည်ဆံတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။
TNLA တပ်ဖွဲ့ဟာ အဲဒီရွှေလီကြိုးတံတားမှာပဲရှိတဲ့ စစ်ကောင်စီရဲကင်းစခန်းကိုတော့ မနေ့က နေ့လယ်ပိုင်းမှာ သိမ်းယူခဲ့တာပါ။
ဒါ့အပြင် မန်တုံနဲ့ နောင်ချိုမြို့နယ်တွေက စစ်ကောင်စီစခန်း သုံးခုကိုလည်း ဒီကနေ့မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်ခဲ့သေးတယ်လို့ TNLA က တဆက်တည်း ထုတ်ပြန်ထားပါတယ်။
မန်တုံမြို့က စစ်ကောင်စီရဲစခန်း တခု၊ စစ်ကောင်စီနဲ့ ပြည်သူစစ်ပူးပေါင်းတပ်စွဲထားတဲ့ စစ်စခန်း တခု တို့ကို ဒီကနေ့ မနက်ငါးနာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် TNLA တပ်မဟာ(၂) စစ်ဒေသဖြစ်တဲ့ နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ကွန်ခါတပ်စခန်းကိုလည်း ဒီကနေ့ မနက် လေးနာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကြားကို ဆက်သွယ်ပေးထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ သုံးကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA အဖွဲ့က ဆိုထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုအပြင် နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ တိုက်ပွဲအခြေအနေတွေနဲ့ ပက်သက်ပြီး DNA က တအာင်းတပ် (TNLA) သတင်းပြန်ကြားရေးကို ဆက်သွယ်ခဲ့ပေမယ့် လက်တလော အဆက်အသွယ်မရသေးပါဘူး။
မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့၀င်ဖြစ်တဲ့ တအာင်းတပ် (TNLA) က ရှမ်းမြောက်ဒေသရှိ လားရှိုး၊ နောင်ချို၊ မူဆယ် စတဲ့မြို့နယ်တွေတဝိုက်မှာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာပါ။
ရှမ်းမြောက်ထိုးစစ် စတင်ပြီးနောက် ဒီကနေ့အထိ တပတ်ကျော်အတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ်မြို့တွေကို အလုံးစုံ ထိန်းချူပ်ထားသလို စစ်စခန်းကိုးဆယ်ကျော်သိမ်းပိုက်ထားတယ်လို့ ညီနောင်မဟာမိတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီစစ်ဆင်ရေး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား ခြောက်စီး သိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိထားတယ်လို့ မဟာမိတ်တပ်တွေက ရုပ်သံမှတ်တမ်းတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ရာနဲ့ချီ သေဆုံးထိခိုက်ခဲ့သလို တပ်ရင်းလိုက် လက်နက်ချ အလင်း၀င်တာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
 
ဓာတ်ပုံ – TNLA