နှစ်နှစ်နီးပါး ကြာလာတဲ့ထိ မြန်မာနိုင်ငံကနေ Chevron ထွက်ခွာမယ့် ကိစ္စ အခက်အခဲတွေ ကြုံနေဆဲ

နိုဝင်ဘာ၊ ၃

မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ရုပ်သိမ်း ထွက်ခွာမယ်လို့ အမေရိကန် စွမ်းအင် ကုမ္ပဏီကြီး Chevronက ကြေညာခဲ့တာ ၂ နှစ်နီးပါး ကြာမြင့်လာတဲ့ထိ အဲဒီ အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Chevronက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ အနေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး ထွက်ခွာမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ်းရိုးတန်း ရေနံ လုပ်ကွက်တခုရဲ့ ရှယ်ယာတွေ အပါအဝင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပိုင်ဆိုင်မှု တချို့ကိုတော့ ဆက်လက် ထိန်းသိမ်းထားမယ်လို့ Chevronက ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက Chevronရဲ့ ကြေညာချက်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီကျရင် မြန်မာနိုင်ငံက ပိုင်ဆိုင်မှုတွေကို ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံရဲ့ ရတနာ ဓာတ်ငွေ့ လုပ်ကွက် ရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ကနေဒါရဲ့ MTI စွမ်းအင် ကုမ္ပဏီဆီ မဖော်ပြတဲ့ စျေးနှုန်းတရပ်နဲ့ လက်လွှဲ ရောင်းချဖို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ လက်ရှိ အချိန်ထိ အဲဒီလုပ်ငန်းတွေကို ကုမ္ပဏီက ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်တယ်လို့ Chevronက Reuters သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။ Chevronဟာ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ရုပ်သိမ်းပြီး ထွက်ခွာဖို့အတွက် အဆင့်အလိုက် ဆက်လက် ဆောင်ရွက်နေမယ်လို့လည်း ဆိုပါတယ်။

အခုသီတင်းပတ်ထဲမှာတော့ အမေရိကန် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားဝင်ငွေ အဓိက ရပေါက်ရလမ်းဖြစ်တဲ့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE)ကို အရေးယူ ပိတ်ဆို့မှု ကြေညာချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ အရေးယူမှုအရ ဒီဇင်ဘာ ၁၅ ရက်ကစလို့ အမေရိကန် ကုမ္ပဏီတွေဟာ MOGEနဲ့ ဆက်နွှယ်တဲ့ ဘဏ်လုပ်ငန်း အဆင့်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေမှာ ပါဝင် လုပ်ဆောင်ခွင့် မရှိတော့ပါဘူး။ အဲဒီ အရေးယူ ပိတ်ဆို့မှုဟာ Chevronအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကိုလည်း လတ်တလော မသိရသေးပါဘူး။

Chevronဟာ ရတနာ ဓာတ်ငွေ့ လုပ်ကွက် ရှယ်ယာတွေကို MTIရဲ့ လက်ဝေခံ ဘာမြူဒါ အခြေစိုက် Et Martem Holdingsကနေတဆင့် လက်လွှဲ ရောင်းချဖို့ ကြိုးစားခဲ့ကြောင်း ပြောပေမယ့် ညှိနှိုင်းမှုတွေ မအောင်မြင်ဘဲ ပျက်ပြယ်ခဲ့ဟန် ရှိပါတယ်။

ပြင်သစ် ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်းစုကြီး TotalEnergiesဟာလည်း ၂၀၂၂ ခုနှစ်မှာ ရတနာ ဓာတ်ငွေ့ လုပ်ကွက်ကို စွန့်ခွာသွားတာကြောင့် Chevronလက်ထဲမှာ ရှယ်ယာ ပိုင်ဆိုင်မှုဟာ ၂၈ ရာခိုင်နှုန်း ရှိခဲ့ရာက ၄၁.၁ ရာခိုင်နှုန်းထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။

 Chevronဟာ ၂၀၂၁ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုမ္ပဏီရဲ့ရှယ်ယာနဲ့ ပိုင်ဆိုင်မှုတွေကို အရေးယူ ပိတ်ဆို့ခံရနိုင်ခြေကနေ ကာကွယ်ပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ အစိုးရ အရာရှိတွေကို တောင်းဆိုခဲ့ဖူးပါတယ်။ MOGEအပေါ် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့တော့ ကုမ္ပဏီဖက်က သဘောထား မှတ်ချက် မပေးဘဲ ဥပဒေ စည်းမျဉ်းတွေကို လေးစား လိုက်နာသွားမယ်လို့သာ ပြောကြားထားပါတယ်။

 

Ref: Reuters