ရှမ်းမြောက်ထိုးစစ်မှာ စစ်ကောင်စီစခန်းတွေ ဘာလို့ အသိမ်းခံရတာများနေလဲ

နိုဝင်ဘာ၊ ၁
 
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး (၁၀၂၇) ခြောက်ရက်မြောက်နေ့မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ရှိနေပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသနဲ့ လားရှိုး၊ သိန္နီ၊ မုန်းကိုး၊ နောင်ချို နဲ့ မူဆယ်မြို့နယ်တွေရှိ စစ်ကောင်စီတပ်စခန်း၊ ဂိတ်တွေနဲ့ ရဲစခန်းတွေ ကို ညီနောင်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်ကစပြီး လျှပ်တပြက် ထိုးစစ်ဆင်တိုက်ခိုက်နေကြတာပါ။
 
အဲဒီတိုက်ပွဲတွေအတွင်း တပ်စခန်းပေါင်း ခြောက်ဆယ်ကျော်လောက်ကို သိမ်းပိုက်ထားပြီး စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အင်အား ရာနဲ့ချီ သေဆုံးသလို တင့်ကားလေးစီးခန့်အပါအဝင် လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိထားတယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
 
အဲဒီလိုစခန်းတွေ လက်လွှတ်ရတာ စစ်ကောင်စီတပ်ဟာ လူထုထောက်ခံမှု မရတာ၊ အင်အားနည်းပါးနေတဲ့အပြင် တပ်အင်အားတွေ နိုင်ငံအနှံ့ ဖြန့်ထားရတာ၊ တိိုက်ရည်ခိုက်ရည် ကျဆင်းတာအပြင် တိုက်ခိုက်လိုစိတ်ပါ ကင်းမဲ့နေလို့ ဖြစ်တဲ့အကြောင်း ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ လေ့လာသူတွေ သုံးသပ်ကြပါတယ်။
 
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်လိုစိတ်မရှိဘဲ စခန်းစွန့်ခွာထွက်ပြေးမှုတွေကိုလည်း တွေ့မြင်ရတယ်လို့ ကိုးကန့်တပ် (MNDAA) ရဲ့ ပြောခွင့်ရ လီကျာဝမ်းက ဆိုပါတယ်။
 
“ သူတို့ခေါင်းဆောင်တွေ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုက သူတို့ထောက်ခံမှု လုံးဝမရှိတော့ဘူး။ သူတို့အပေါ် စိတ်ပျက်လာတယ်။ ခုခံလိုတဲ့စိတ် အဲ့လောက်အထိ မထက်သန်တော့တဲ့ အပိုင်းတွေလည်း ပါတယ် ” လို့ လီကျာဝမ်းက ပြောပါတယ်။
 
ကိုးကန့်တပ်နဲ့ ဒေသလုံခြုံရေး ပူးပေါင်းတပ်တွေဟာ ဖောင်းဆိုင်ရှိ ခရစ်ယာန်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မန်ယန်ရှေ့တန်းအမှတ် (၁၀) တပ်စခန်းတွေကို မနေ့က မနက်ပိုင်းမှာ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
 
စစ်ဆင်ရေး ငါးရက်တာကာလအတွင်း ကိုးကန့်ပြည်နယ် အထူးဒေသ (၁) အတွင်းက အဓိကမြို့တွေဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့တွေကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးတော့ အလုံးစုံ ထိန်းချုပ်ထားသလို သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က အသိပေးထားပါတယ်။
 
ကိုးကန့်ဒေသကို ကိုးကန့်တပ်ဖြစ်တဲ့ MNDAA က ဦးဆောင်ပြီး မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေနဲ့ အတူတိုက်ခိုက်နေတာ ဖြစ်သလို လားရှိုး၊ နောင်ချို နဲ့ မူဆယ်မြို့နဲ့ သိန္နီမြို့တွေကိုတော့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က ဦးဆောင်တိုက်ခိုက်နေတာပါ။
 
ရခိုင့်တပ်တော် (AA) ကတော့ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသတွေဖြစ်တဲ့ ထီးချိုင့်မြို့နယ် တဝိုက်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/ KIO) နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
 
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မန္တလေး PDF ကလည်း နောင်ချိုမြို့ အနီးတဝိုက်မှာ ညီနောင်သုံးဖွဲ့ထဲက တအာင်းတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး (၁၀၂၇)ကို အားပေးတဲ့အနေနဲ့ “တောင်သမန်” စစ်ဆင်ရေးကို ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
 
တောင်သမန်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအနေနဲ့ နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးကိုလည်း စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ အဲဒီအဖွဲ့ ပြောခွင့်ရ ကိုအော်စမွန် ကဆိုပါတယ်။
 
အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် သုံ့ပန်းတွေအပြင် သံချပ်ကားကားတွေ၊ တခြားလက်နက်နဲ့ ခဲယမ်းအများအပြားကို ညီနောင်သုံးဖွဲ့အပြင် တော်လှန်ရေးအင်အားစုတွေက သိမ်းဆည်းရရှိတာတွေလည်း ရှိပါတယ်။
 
အဲဒီခဲယမ်းတွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်စခန်းဟာ ရက်အတော်ကြာ ခုခံစစ်ဆင်နွှဲနိုင်တဲ့ အနေအထားရှိပေမယ့် လက်နက်အလွယ်တကူစွန့်ပစ်ပြီး စခန်းကို နာရီပိုင်းအတွင်း စွန့်ခွာသွားလေ့ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။
 
“ ဒါကိုကြည့်ခြင်းဖြင့် ရန်သူက တိုက်လို ခိုက်လိုစိတ် အင်မတန်နည်းပြီးတော့ အဖက်ဖက်က ချိနဲ့နေတယ်ဆိုတာကို သုံးသပ်လို့ရပါတယ် ” လို့ ကိုအော်စမွန်က ပြောပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စနစ်ကျပြီး မြန်ဆန်တဲ့ ထိုးစစ်ဆင်မှုတွေကြောင့် အခုလို စစ်ဆင်ရေး ကြေညာပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်း များစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီအဖွဲ့ကလည်း ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို သူတို့အားသာတဲ့ လက်နက်ကြီး ပစ်ကူတာတွေအပြင် လေကြောင်းကတဆင့် တိုက်ခိုက်တာတွေ လုပ်ဆောင်နေသလို အတွဲလိုက်ပစ်ခတ်ရတဲ့ ဒုံးကျည်တွေကို ပါအသုံးပြုတိုက်ခိုက်နေတာလည်း တွေ့ရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ၂၀၁၅ ခုနှစ်က ကိုးကန့်တပ်ဖွဲ့က လောက်ကိုင်ကို တိုက်ခိုက်ချိန်က လူထုထောက်ခံမှု အထိုက်အလျောက်ရရှိခဲ့ပေမယ့် အခုအချိန်မှာ လူထုထောက်ခံမှု သုညဖြစ်နေတယ်လို့ အငြိမ်းစား တပ်မတော်အရာရှိ တချို့က ဆိုပါတယ်။
 
အဲဒီလောက်ကိုင်ကို ပြန်လည်သိမ်းပိုက်ရာမှာ စစ်တပ်က လေတပ်အပါအဝင် လက်နက်ကြီးတွေ၊ သံချပ်ကာကားတွေ အစွမ်းကုန်သုံးခဲ့ပြီး လနဲ့ချီ ပြန်တိုက်ခဲ့ပေမယ့် အရာရှိ၊ စစ်သည် ရှစ်ရာဝန်းကျင် ကျဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။
 
” အခု ကျသွားတဲ့ စခန်းတွေ ပြန်သိမ်းဖို့ဆို မလွယ်ဘူး။ အဲဒီ (လောက်ကိုင်)ထက် ပိုပေးဆပ်ရမယ့် သဘောရှိတယ် ” လို့ ဗိုလ်မှူးအငြိမ်းစားတဦးက သုံးသပ်ပါတယ်။
 
ဒါ့အပြင် အောက်ခြေတပ်သားတွေဟာ အသက်အရွယ်ကြီးရင့်တာအပြင် တိုက်ခိုက်ခိုက်ရည်၊ တိုက်ခိုက်လိုစိတ် ကျဆင်းနေရုံသာမက လေကြောင်းနဲ့ လက်နက်ကြီးတွေကို အားကိုးအားထား ပြုနေတယ်လို့လည်း ဆိုပါတယ်။
 
” တပ်တွေက ပန်းနေတော့ ဖြစ်တာနဲ့ ရှေ့တန်းမှာ အသေခံနေရတာ။ စခန်းတွေမှာလည်း အင်အားအများကြီး မပေးနိုင်တော့ ဖြစ်ပြီဆို “လက်နက်ချ” ဖြစ်နေတာ ” လို့ အဲဒီအရာရှိက ပြောပါတယ်။
 
ဝါရင့် စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီတပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက အကျင့်ပျက်ချစားနေပြီး အောက်ခြေက တပ်မှူးနဲ့ တပ်သားတွေကို အသေခံ တိုက်ခိုင်းနေတာ ဖြစ်တဲ့အတွက် တပ်က စိတ်ဓာတ်ကျနေတာလို့ သုံးသပ်ပါတယ်။
 
“ စစ်ကောင်စီတပ်ဟာ ခုခံတိုက်ခိုက်လိုစိတ် အားမရှိဘဲ အများစုက တပ်မှူး၊ တပ်သားတွေက အသေမခံဘဲ လက်နက်ချဖို့၊ စခန်းက ထွက်ပြေးဖို့အတွက် ဘက်စုံမှာ ကြံနေရတယ်ဆိုတာ အခုနောက်ဆုံး ဖြစ်လာတဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ မြင်လာရတာပေါ့ ” လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။
 
ဦးသန်းစိုးနိုင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်း ဖြစ်သလို နိုင်ငံရေး၊ စစ်ရေး၊ တိုင်းရင်းသားအရေး စာအုပ်တွေနဲ့ သုံးသပ်ချက် ဆောင်းပါးတွေ ရေးသားထုတ်ဝေထားသူတဦးလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ထိုးစစ်ဆင်နေမှုတွေဟာ စစ်ရေးအရ ဘာမှ ပြောင်းလဲမှုရှိမှာ မဟုတ်ဘဲ ပြည်သူလူထုကိုသာ ပိုမိုပြီးတော့ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။
 
လက်ရှိ ညီနောင်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်နေတယ်ဆိုတဲ့ စခန်းတွေဟာ စစ်ကောင်စီတပ်ရဲ့ အရန်စခန်းတွေသာ အများစုဖြစ်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းတွေ စခန်းတွေကိုပါ တိုက်ခိုက်သိမ်းပိုက်လာနိုင်တဲ့ အခြေနေရှိတယ်လို့ သူကဆက်ပြောပါတယ်။
 
“ ကာလတခုမှာ ဗျူဟာကုန်းက မင်းအောင်လှိုင်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေက လက်နက်ချရတော့မယ် အနေအထားနဲ့ ရင်ဆိုင်ရလိမ့်မယ် ” လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။