လွိုင်ကော်တက္ကသိုလ် ပညာရေးဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးရန် NUG ထုတ် ပြန်ချက်ဆိုတဲ့ သတင်းအမှား

နိုဝင်ဘာ၊ ၂၃

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တခုဖြစ်တဲ့ Ko Thet အကောင့်ကနေ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက“လွိုင်ကော်တက္ကသိုလ်တွင် တိုက်ပွဲဖြစ်ပွားမှုကြားမှ ကယ်တင် ထိန်းသိမ်းထားသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား အမြန်ဆုံးပြန်လည်စေလွှတ်ပေးရေး” တောင်းဆို ထုတ်ပြန်တယ်ဆိုပြီး နိုဝင်ဘာလ ၂၁ ရက်ညပိုင်းမှာ ဖြန့်ဝေထားပါတယ်။  

ထုတ်ပြန်ချက်ကို ကြိုက်နှစ်သက်သူ ၅၀၀၊ ကြည့်ရှုသူ ၃၄,၈၄၈၊ မျှဝေသူ ၃၀ ခုထိရှိခဲ့ပြီး လူမှုကွန်ယက် အသုံးပြုသူများ အကြားပျံ့နှံ့လျက်ရှိတာကို တွေ့ရှိရပါတယ်။

အဲဒီထုတ်ပြန်ချက်ကို အခြားဝါဒဖြန့် တယ်လီဂရန်အကောင့်တခုဖြစ်တဲ့ ကိုနှင်းမောင် အကောင့်ကလဲ ထပ်မံ မျှဝေခဲ့ရာမှာ ကြိုက်နှစ်သက်သူ ၂၀၈၊ ကြည့်ရှုသူ ၆,၄၈၀၊ မျှဝေသူ ၁၁ ခုနဲ့ဆက်လက် ပျံ့နှံ့ခဲ့တာကို တွေ့ရှိရပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ DNA Fact Check အဖွဲ့က စိစစ်ကြည့်တဲ့အခါမှာ ထုတ်ပြန်ချက်အတု ဖြစ်တယ်ဆိုတာကို စစ်ဆေးသိရှိခဲ့ရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တရားဝင် facebook စာမျက်နှာမှာလဲ နိုဝင်ဘာလ ၂၁ ရက်မှာ အဲဒီ ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားတာ မရှိပါဘူး။ 

လွိုင်ကော်တက္ကသိုလ်မှာရှိတဲ့ Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို စစ်ကောင်စီတပ်က ကယ်ဆယ်ရေးမလုပ်ဘဲ စွန့်ပစ်ထားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကကယ်တင်ခဲ့ရတယ်လို့ ကရင် နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဖြစ်တဲ့ ကိုဗညားက DNA ကို ပြောကြား တာကို ဒီမှာ ဖတ်ရှုနိုင်ပြီးတော့ ပါချုပ်အပါအဝင်ဆရာ၊ ဆရာမနဲ့ဝန်ထမ်းတွေ လုံခြုံစွာရှိနေတယ်ဆိုတာကို  DNA က ရေးသားထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေကို လူ့အခွင့်အရေး နဲ့အညီ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနဲ့အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေးလုပ်ငန်းတွေကို IEC မှ ဆက်လက်လုပ်ဆောင်ပေးနေ တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ချက်ကို ဒီနေရာ ဖတ်ရှုနိုင်ပါတယ်။ 

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ “ဒီစာက အတုပါဗျ။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအကြား စည်းလုံးမှုပျက်ပြား အောင် တမင်လုပ်ဆောင်နေတာပါ။ ဒါမျိုးက အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်နေကျလုပ်ရပ်တစ်ခုပါပဲ။ Non-CDM တွေနဲ့ပတ်သက်ပြီး NUG မှာ Non-CDM မူဝါဒရှိပါတယ်။ အဲဒီ့အတိုင်းပဲ ဆောင်ရွက်သွား မှာပါ”လို့  DNA ကို ပြောပါတယ်။

ဒါ့အပြင် တခြားလွတ်လပ်တဲ့ မီဒီယာတွေမှာလည်း အဲဒီထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတယ်လို့ ရေးသားထားတာကို မတွေ့ရှိရပါဘူး။

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာ ရှိတဲ့အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com) ကနေ ဝင်ရောက် ဆက်သွယ်မေး မြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။