ရှမ်းမြောက်မှာ စစ်ရှောင်တသောင်းကျော်နဲ့ ပိတ်မိနေသူ ငါးသောင်းဝန်းကျင်ရှိလာ

အောက်တိုဘာ၊ ၃၀

တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာ လေးရက်ရှိပြီဖြစ်တဲ့  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်သွားပြီဖြစ်ပြီး စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည်နဲ့ အိပ်ယာခင်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့  စစ်ရှောင်တွေက ပြောကြပါတယ်။

လားရှိုးမြို့နယ်မှာ ငါးထောင် ကျော်၊ သိန္နီမြို့နယ်မှာငါးထောင်ဝန်းကျင်၊ ကွတ်ခိုင်မြို့နယ်မှာ ငါးရာကျော်၊ မုံးကိုးမြို့မှာ ခြောက်ရာကျော်နဲ့ ကျောက်မဲမြို့နယ်မှာသုံးရာ ကျော် ရှိနေတာလို့ စစ်ရှောင်တွေကို စာရင်း ကောက်ယူ၊ ကူညီပေးနေတဲ့ သျှမ်းလူယ်အဖွဲ့အစည်းတွေက ဆိုပါတယ်။

“အဓိက စားနပ်ရိက္ခာပေ့ါ ။အခြေခံစားနပ်ရိက္ခာ၊ ဆန်၊ ဆီ၊ ဆားလိုမယ်။ နောက်တခုက အခြေခံဆေးဝါးတွေ လိုမယ်။ ပြီးတော့ ကျွန်မတို့ ရှမ်းပြည်က ဆောင်းစဝင်ပြီ။ အေးပြီဆိုတော့ စောင်တွေ လိုမယ်။ အနွေးထည်တွေ လိုမယ်ရှင့်”လို့ သျှမ်းကျောင်းသမဂ္ဂတာဝန်ရှိသူတဦးဖြစ်တဲ့ မဗင်ဒါက DNA ကို ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်(MNDAA) တအာင်း(TNLA)၊ နဲ့ ရခိုင်(AA)တို့ဟာ ဒီလ ၂၇ ရက်မှာ ရှမ်းမြောက်ပိုင်းမြို့နယ်အများစုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းတွေကို နေ့ရောညပါ တိုက်ခိုက်နေတဲ့အတွက်အခုလိုစစ်ရှောင်တွေ ရှိလာတာပါ။

အဲဒီစစ်ရှောင်တွေဟာ မြို့ပေါ် ဘာသာရေးကျောင်းတွေအပါအဝင် နယ်ကျေးရွာတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပြီး ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြားပါဝင် တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ပေါ်မှာဆိုရင် အခုအချိန်ထိ ထပ်တိုးရောက်လာတဲ့ စစ်ဘေးရှောင်တွေ ရှိနေတာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်အပြင် နေစရာ စခန်းနေရာလည်း အခက်အခဲကြုံနေရပြီလို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

“ရေတွေလည်း လုံလောက်မှုမရှိဘူး။ လူတွေအများကြီးဆိုတော့ တန်းစီပြီးမှ ယူရတယ်။ တချို့ဆို ရေတောင်မသောက်ရဘူး။ စောင်တွေ၊ အိပ်ယာခင်းတွေလည်းလိုတယ်။ တချို့က အိပ်ယာခင်းတွေတောင် မယူလာခဲ့ရဘူးလေ။ ညဘက်ဆို အိပ်ရတာလည်း အဆင်မပြေဘူး။ တော်တော်အေးတယ်၊ လာဝေပေးတာတွေရှိပေမယ့် လုံလောက်မှုမရှိဘူး”လို့ လားရှိုးစစ်ရှောင်ကူညီပေးသူတဦးက ပြောပါတယ်။

ချင်းရွှေဟော်မြို့နယ်အတွင်းက ဒေသခံတွေကတော့ တဖက်တရုတ်နိုင်ငံနဲ့ ဝပြည်အတွင်းသို့ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ ဝပြည်အတွင်းသို့ ရောက်လာတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ငါးထောင်ဝန်းကျင်ရှိနေပြီး ကူညီပေးထားတယ်လို့ ဝတပ်ဖွဲ့(UWSA)ရဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိ ဦးညီရန်းက  အောက်တိုဘာလ ၂၈ ရက်မှာ DNA ကို ပြောထားပါတယ်။

စခန်းတွေဆီ ရောက်လာတဲ့ စစ်ရှောင်တွေအပြင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာ၊ အသွားအလာတွေကို ဟန့်တား၊ ပစ်ခတ်တာ၊ တိုက်ပွဲဖြစ်နေကြတာတို့ကြောင့် တိမ်းရှောင်လို့မရဘဲ ရွာတွေထဲမှာပဲ ပိတ်မိနေသူတွေလည်း ငါးသောင်းဝန်းကျင်လောက်ရှိနေတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုပိတ်မိနေသူတွေဟာ သိန္နီမြို့နယ်တောင်ပိုင်းတခုတည်းမှာပင် လေးသောင်းကျော်လောက်ရှိနေပြီး လားရှိုး၊ ကျောက်မဲ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားရွာတွေမှာလည်း အများအပြားရှိနေတယ် လို့ သျှမ်းကျောင်းသားသမဂ္ဂအပါအဝင် ဒေသတွင်း ကူညီရေးအဖွဲ့နဲ့ သတင်းရင်းမြစ်တွေက ပြောကြပါ တယ်။

“အများစုကတော့ ညဆိုရင် မီးပိတ်ပြီးနေရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေဆိုရင် ဗုံးခိုကျင်းထဲထားတယ်။ သန်သန်မာမာတွေဆိုရင် ကျောင်းပေါ်မှာ မီးပိတ်လို့နေရတယ်ပေ့ါ။ စစ်ရှောင်စခန်းတွေကို လက်နက်ကြီးကျတာတွေလည်း ရှိတယ်”လို့ စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

နယ်ကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေဆိုရင် အကူအညီလိုအပ်ချက်တွေ များစွာရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် လုံခြုံရေးစိုးရိမ်ချက်တွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။

“ကိုယ့်နေအိမ်တွေထဲမှာ ကိုယ်နေတယ်။ စစ်ရှောင်စခန်းတွေထဲမှာ နေတယ်။ အဲဒီကနေထွက်လာတာကို မြင်တာနဲ့ စစ်ကောင်စီဘက်ကနေ ပစ်တယ်ရှင့်။ လမ်းပေါ်မှာ လူရောက်လာတာနဲ့ ပစ်တယ်။ အဲလိုမျိုးကျ ထွက်လာလို့မရဘူးပေါ့”လို့ မဗင်ဒါက သိန္နီမြို့နယ်အတွင်း အခြေအနေကို ပြောပြပါတယ်။

သိန္နီမြို့နယ်တခုတည်းမှာတင် လက်နက်ထိမှန်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ခြောက်ဦးထက်မနည်းရှိနေပြီး သူတို့ဟာ စစ်ကောင်စီတပ်ရဲ့ သွားလာခွင့်ပိတ်ပင်မှုကြောင့် ဆေးရုံ၊ ဆေးခန်းသွားခွင့်မရလို့ သွေးထွက်လွန်ကာ သေဆုံးခဲ့ကြရတာလို့ သျှမ်းကျောင်းသားသမဂ္ဂက ပြောပါတယ်။

“ဒီနေ့မနက်က ဒဏ်ရာရပြီး သေဆုံးသွားတဲ့ လေးယောက် စာရင်းအသစ်ထပ်ရတယ်။ ကိုယ့်နေအိမ်ထဲမှာ ကိုယ်လက်နက်ကြီးကျတယ်။ စစ်တပ်က ပေးမထွက်တဲ့အခါကျတော့ သွေးထွက်လွန်ပြီးတော့မှ သေဆုံးသွားတယ်”လို့ မဗင်ဒါက ပြောပါတယ်။

သိန္နီမြို့နဲ့ နှစ်မိုင်ခန့်သာဝေးတဲ့ ခူးဝိန်းရွာအနီးမှာ ကိုးကန့်(MNDAA) တပ်တွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က မနေ့ညက လေကြောင်းက တိုက်ခိုက်ခဲ့လို့ နေအိမ်အလုံး နှစ်ဆယ်ခန့်ပျက်စီးခဲ့သလို အရပ်သားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

‘’ရွာထဲမှာ ကိုးကန့်တွေရှိတယ်ဆိုပြီး လာပစ်တာ။ ရွာခံတွေက (ဗုံးခို)ကျင်းထဲ နေကြလို့ အများကြီးမထိခိုက်တာ ‘’ လို့ ခူးဝိန်းရွာခံတဦးက ပြောပါတယ်။

အရပ်သားတွေကို လူသားဒိုင်းကာအဖြစ်အသုံးချပြီး ရှောင်တိမ်းခွင့်မပေးတာ၊ ဆေးကုသဖို့ သွားလာခွင့်မပြုတာ စတဲ့လုပ်ရပ်တွေအပေါ် အပြင်းအထန်ရှုတ်ချ၊ ကန့်ကွက်ကြောင်း သျှမ်းလူငယ်အဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

လက်ရှိစခန်းတွေဆီ ရောက်နေတဲ့ စစ်ရှောင်တွေကို ကူညီပေးဖို့နဲ့ နောက်ထပ်စစ်ရှောင်အသစ်တွေကို နေရာချထားပေးနိင်ဖို့ စခန်းသစ်တွေ ဖွင့်လှစ်ပေးကြဖို့နဲ့ စစ်ရှောင်တွေကို ကူညီ ထောက်ပံ့ပေးကြဖို့လည်း အဲဒီလူငယ်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

“စစ်ကောင်စီတပ်ကို တိုက်လို့ ဝမ်းသာတယ်။ စစ်သားတွေ သေတာမြင်လို့ ဝမ်းသာတယ်ဆိုတော့ စစ်ရှောင်ပြည်သူတွေကိုလည်း ကူပေးကြပါ။ သူတို့ကိုလည်း ပစ်မထားကြပါနဲ့လို့ ပြောချင်တယ်ရှင့်”လို့ သျှမ်းကျောင်းသားသမဂ္ဂမှ မဗင်ဒါက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံစခန်းပေါင်း ခြောက်ဆယ် ဝန်းကျင်လောက်အထိ သိမ်းပိုက်ထားပြီး သံချပ်ကာကားနှစ်စီးအပါအဝင် လက်နက်ခဲယမ်းတွေ လည်းသိမ်းဆည်းရမိတယ်လို့ ညီနောင်အဖွဲ့တွေရဲ့ မနေ့က ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်