လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် လွိုင်ကော်ဒေသခံ ငါးဦးဒဏ်ရာရ

အောက်တိုဘာ၊ ၃၀

ရှမ်း-ကရင်နီ(ကယား)အစပ် လွိုင်ကော်မြို့နယ်၊လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီတပ်က လူနေကျေးရွာတွေဘက်ကို နှစ်ရက်ဆက် လက်နက်ကြီးတွေပစ်ခတ်နေပြီး ကလေးငယ်လေးဦးအပါဝင်ဒေ သခံ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ်(KNDF)၊ တပ်ရင်း (၁၂) ကထုတ်ပြန်ပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲကရှစ်နှစ်အရွယ် မိန်းကလေးတဦးစိုးရိမ်ရတယ်လို့ KNDF တပ်ရင်း (၁၂)၊ ပြန်ကြား ရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကလေးဆိုတော့ သွေးထွက်လွန်တာလည်းပါတယ်၊ ဆေးရုံတော့ပို့ထားတယ်” လို့ သူကပြောပါတယ်။

လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီတပ် ခြေ လျင်တပ်ရင်း(ခလရ) ၅၃၀ က တိုက်ပွဲမရှိဘဲ အနီးအနား ရွာသုံးရွာလောက်ကို အောက်တိုဘာ ၂၉ ရက် တရက်တည်းလက်နက်ကြီး အချက်ရေ သုံးဆယ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလိုပစ်ခတ်မှုကြောင့် မနက်ပိုင်းနဲ့ ညပိုင်းမှာ လွိုင်ကော်မြို့နယ်၊ ကုန်းမီကိုကျေးရွာထဲကို လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၄၀ ဝန်း ကျင်အမျိုးသားတဦးနဲ့ သုံးနှစ်ကနေ ၁၆ နှစ်ကြား ကလေးငယ် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရတဲ့သူ ငါးဦးလုံးကို လွိုင်ကော်ဆေးရုံတင်ပို့ထားပြီး အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တဦးကလွဲလို့ ကျန်တဲ့သူတွေကတော့ စိုးရိမ်ရတဲ့အ ခြေအ နေမရှိဘူးလို့ သိရပါတယ်။

အလားတူပဲ ဒီကနေ့ မနက် ဆယ်နာရီလောက်မှာလည်း စစ်ကောင်စီတပ်က အဲဒီရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေဆက်လုပ်နေပြီး လူထိခိုက်မှုမရှိပေမယ့် နေအိမ်တချို့တော့ ပျက်စီးသွားတာရှိတယ်လို့ ဆိုပါတယ်။

“အဲ့ဘက်မှာက တိုက်ပွဲလည်း မရှိဘူး၊ကျွန်မတို့စစ်ရေးလှုပ်ရှားနေတာလည်းမရှိဘူး၊ ဘာလို့ သူတို့အဲ့လိုပစ်မှန်း မသိဘူး၊ သူတို့ဗျူဟာကျွန်မတို့လည်း နားမလည်ဘူး” လို့ အထက်ပါ KNDFပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကုန်းမီကိုရွာအပါအဝင် အနီးတဝိုက် ရွာတွေက ရွာခံတွေဟာ အရင်က တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြပေမယ့် အခြေအနေအေးလို့ ရွာထဲပြန်နေကြပြီးနောက် သိပ်မကြာခင်မှာပဲ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

“အခုတော့ စစ်ရှောင်စခန်းတွေကို ပြန်သွားနေကြတယ်လို့ကြားတယ်၊မနေ့ကလည်းပစ် ဒီနေ့လည်းပစ်ဆိုတော့ စိုးရိမ်ရတာပေါ့” လို့ ဒေသခံ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်အတွင်းမှာ အခုနှစ် ဇူလိုင်ကနေ စက်တင်ဘာအထိ သုံးလအ တွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု စတာတွေကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ် သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အ ရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။