ရေစကြိုမှာ PDF တွေက စုပေါင်းရုံးကို တိုက်ခိုက်

အောက်တိုဘာ၊ ၃၀

မကွေးတိုင်း ၊ ရေစကြိုမြို့ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူးစောတပ်ဖွဲ့ဝင်တွေ  အခြေစိုက်တပ်စွဲထားတဲ့ စုပေါင်းရုံးကို အောက်တိုဘာလ ၂၈ ရက်၊ညနေ ၆ နာရီခန်ကမှာ တိုက်ခိုုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

 ” စစ်သား သုံး ဦး သေတာကို တပ်တွင်း ဖရဲသီး သတင်းပေးပို့မှုကြောင့် အတည်ပြုနိုင်ခဲ့တာပါ ” လို့ မန္တလေးခရိုင်တပ်ရင်း ( ၃ ) ၊ တပ်ခွဲ ( ၃ ) တပ်ခွဲမှူး ဗိုလ်သမိုင်းက ဆိုပါတယ်။

စစ်ကောင်စီတပ်သားသေဆုံးမှုကို DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အင်အား နှစ်ဆယ်ကျော်ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပျူစောထီးတပ်ဖွဲ့ဝင်တွေ အခြေစိုက်တပ်စွဲထားတဲ့ တရားရုံး ၊ မြို့နယ်ဆေးရုံနဲ့ စီးပွားရေးဘဏ်စတဲ့ စုပေါင်းရုံးကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ် ။

တော်လှန်ရေးမဟာမိတ်တပ်တွေက ရှော့တိုက်ဒုံး တလုံးနဲ့ အရင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့  ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ဝန်းကျင်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်သမိုင်းက ပြောပါတယ်။

တောင်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်အကျဆုံး မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို MDY-PDF မန္တလေးခရိုင် တပ်ရင်း ( ၃ ) ၊ Black Wolf PDF-MDY တပ်ရင်း ( ၃ ) ၊ တပ်ခွဲ ( ၃ ) ၊ ဒေါင်းညီနောင်  တပ်ရင်း( ၃ ) ၊ တပ်ခွဲ ( ၃ )နဲ့ ပခုက္ကူခရိုင် တပ်ရင်း ( ၁၀ )တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေ မရှိဘဲ တိုက်ပွဲဖြစ်ပွားရာ  စုပေါင်းရုံးကို အင်အားဖြည့်တင်းနေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အလားတူပဲ စက်တင်ဘာလ ၂၂ ရက်၊ မနက် ၁၀ နာရီခန့်မှာလည်း မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားကနေ ချင်းတွင်းမြစ်ရိုးအတိုင်း သစ်တွေ တင်ဆောင်ကာ စုန်ဆင်းလာတဲ့  စစ်ကောင်စီ တပ် သင်္ဘောတွေကိုတော်လှန်ရေးအင်အားစုတွေက တိ်ုုက်ခိုက်ခဲ့ပါသေးတယ်။